Homeဆောင်းပါးအယ်လ်နီညိုရာသီဥတုနှင့် သတိပြုရမည့် ကျန်းမာရေးပြဿနာများ

အယ်လ်နီညိုရာသီဥတုနှင့် သတိပြုရမည့် ကျန်းမာရေးပြဿနာများ

-

အားကောင်းလာနေသည့် အယ်လ်နီညိုဖြစ်စဉ်သည် လာမည့် ဒီဇင်ဘာလဝန်းကျင်တွၚ် အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်ပြီး ကမ္ဘာ့ဒေသအများအပြားမှာ အပူချိန်မြင့်တက်ခြင်းနှင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်းများ ဖြစ်လာနိုင်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ခန့်မှန်းထားသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် တချို့ဒေသတွင် ပုံမှန်ထက် ပိုပူလာပြီး မိုးနည်းတာ၊ မိုးခေါင်တာတွေ ဖြစ်နိုင်သလို တချို့ဒေသတွင် မိုးပိုများပြီး ရေကြီးတာ ဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံမှာလည်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်တာ ရေရှားပါးတာတွေ ဖြစ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားသည်။

အယ်လ်နီညို၏ သက်ရောက်မှုသည် ဒေသတစ်ခုနှင့်တစ်ခု မတူညီနိုင်ပေ။ အချို့ဒေသများတွင် အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ခြင်းနှင့် ရေရှားပါးခြင်းတို့ ဖြစ်ပေါ်နိုင်သော်လည်း အခြားဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အပူချိန်မြင့်တက်မှုနှင့် ရာသီဥတုအစွန်းရောက်ဖြစ်စဉ်များအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

အယ်လ်နီညိုဖြစ်စဉ် အားကောင်းလာနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်နေချိန်တွင် မွန်ပြည်နယ်၌လည်း အပူဒဏ်နှင့် ဆက်စပ်သည့် ရုတ်တရက်လဲကျ သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း မွန်ပြည်နယ်တွင် အပူဒဏ်ကြောင့် သေဆုံးသူ ၆ ဦးအထိ ရှိလာသည်။ ဖြစ်စဉ်များအနက် အချို့မှာ နေပူထဲ သွားလာနေစဉ် ရုတ်တရက်လဲကျခြင်း၊ အချို့မှာ နေ့အပူချိန် ပြင်းထန်ချိန် အလုပ်လုပ်ကိုင်နေစဉ် လဲကျသေဆုံးခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်များသည် ရာသီဥတုပူပြင်းချိန်တွင် အပူဒဏ်ကြောင့် အသက်အန္တရာယ်အထိ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးနေသည်။ အထူးသဖြင့် နေပူထဲတွင် အလုပ်လုပ်ကိုင်ရသူများ၊ နေ့စဉ်စားဝတ်နေရေးအတွက် အပြင်ထွက်သွားလာရသူများနှင့် အပူဒဏ်ခံနိုင်စွမ်း နည်းပါးသူများအတွက် ကျန်းမာရေးအန္တရာယ် ပိုမိုကြီးမားလာနိုင်သည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့၏ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ခန့်မှန်းချက်အရ အယ်လ်နီညိုဖြစ်စဉ်သည် ယခုနှစ်ကုန်ပိုင်းတွင် ပိုမိုအားကောင်းလာနိုင်ပြီး ကမ္ဘာ့ဒေသအများအပြား၌ ပုံမှန်ထက် အပူချိန်မြင့်မားနိုင်သည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီတို့တွင် အပူချိန်မြင့်တက်ခြင်း၊ ရေရှားပါးခြင်းနှင့် အပူလျှပ်ခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။

သတိပြုရမည့် ကျန်းမာရေးပြဿနာများ

ရာသီဥတုပူပြင်းမှုသည် လူ့ခန္ဓာကိုယ်၏ အပူချိန်ထိန်းညှိနိုင်စွမ်းကို ထိခိုက်စေပြီး ရေဓာတ်ခန်းခြောက်ခြင်း၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူလျှပ်ခြင်း (Heatstroke) ကဲ့သို့သော ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ပြင်းထန်သည့် အပူဒဏ်သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအပါအဝင် ရှိပြီးသား နာတာရှည်ရောဂါများကိုလည်း ပိုမိုဆိုးရွားစေနိုင်သည်။

အပူဒဏ်ကို သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်လက်လှုပ်ရှားမှုများစွာ ပြုလုပ်ရသူများနှင့် နေပူထဲတွင် အလုပ်လုပ်ကိုင်ရသူများ အထူးသတိထားရမည် ဖြစ်သည်။ အပူချိန်မြင့်မားသည့် အခြေအနေတွင် အားကစားပြုလုပ်သူများနှင့် ပြင်ပလုပ်ငန်းခွင်များ၌ အလုပ်လုပ်ကိုင်သူများသည်လည်း အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုမိုမြင့်မားသည်။

အပူဒဏ်ကြောင့် ဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများ

(၁) ရေဓာတ်ခန်းခြောက်ခြင်း

ချွေးထွက်များခြင်းကြောင့် ခန္ဓာကိုယ် ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးသွားနိုင်သည်။ ရေငတ်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ဆီးအရောင်ရင့်လာခြင်း၊ ဆီးသွားနည်းလာခြင်း၊ မူးဝေခြင်းနှင့် အားနည်းခြင်းတို့သည် ရေဓာတ်ခန်းခြောက်မှု၏ လက္ခဏာများ ဖြစ်နိုင်သည်။

(၂) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)

အပူချိန်မြင့်မားသည့်နေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကြောင့် ချွေးထွက်များခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အားနည်းခြင်းနှင့် ချွေးစေးထွက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထိုသို့ဖြစ်လာပါက အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုကို ချက်ချင်းရပ်နားပြီး အေးမြသည့်နေရာသို့ ရွှေ့ကာ ခန္ဓာကိုယ်ကို အေးမြအောင် ပြုလုပ်သင့်သည်။ ရေ၊ ဓာတ်ဆားရည် တိုက်ပေးနိုင်ပြီး လက္ခဏာများ မသက်သာပါက ဆေးကုသမှုခံယူရန် လိုအပ်သည်။

(၃) အပူလျှပ်ခြင်း (Heatstroke)

အပူလျှပ်ခြင်းသည် အသက်အန္တရာယ်ရှိနိုင်သည့် အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။ ခန္ဓာကိုယ်အပူချိန် ထိန်းညှိနိုင်စွမ်း ပျက်ယွင်းလာခြင်းကြောင့် စိတ်ရှုပ်ထွေးခြင်း၊ စကားပြောမမှန်ခြင်း၊ လမ်းလျှောက်မတည်ငြိမ်ခြင်း၊ တက်ခြင်း သို့မဟုတ် သတိလစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ အပူလျှပ်သည်ဟု သံသယရှိပါက ဆေးကုသမှုကို အရေးပေါ်ရယူရမည်။ အကူအညီစောင့်နေစဉ် လူနာကို အေးမြသည့်နေရာသို့ ရွှေ့ပေးပြီး အဝတ်အစားများကို ဖြေလျှော့ကာ ရေအေးစိုအဝတ်၊ ရေဖြန်းခြင်း သို့မဟုတ် ရရှိနိုင်သည့် အခြားနည်းလမ်းများဖြင့် ခန္ဓာကိုယ်ကို လျင်မြန်စွာ အေးမြအောင် ပြုလုပ်ပေးသင့်သည်။ သတိလစ်နေသူကို ရေ သို့မဟုတ် အစားအစာ မတိုက်ရပါ။

အပူဒဏ်မှ ကာကွယ်ရန် လိုက်နာသင့်သည့်အချက်များ

အပူဒဏ်ကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးပြဿနာများကို ကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။

ရာသီဥတုပူပြင်းချိန်တွင် ရေများများသောက်ရန်၊ အေးပြီး အရိပ်ရသည့်နေရာတွင်သာ နေထိုင်ရန်၊ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရှားရန်၊ အရောင်ဖျော့သည့် ပွပွချောင်ချောင်ချည်ထည်များ ဝတ်ဆင်ရန်၊ နေ့လည်နေ့ခင်းအပြင်သွားပါက ထီး၊ ဦးထုတ်ဆောင်ရန် လိုအပ်သည်။

ရေဓာတ်မခမ်းခြောက်အောင် ရေလုံလုံလောက်လောက်သောက်ခြင်း၊ ချွေးထွက်များလျှင် ဓာတ်ဆားရည်သောက်ခြင်း စသဖြင့် အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှု မဖြစ်စေရန် ဂရုတစိုက်ရှိရန်လည်း လိုအပ်သည်။

ရာသီဥတုပူပြင်းချိန်တွင် နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားရန်၊ ပူးပြင်းသည့်နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်၊ ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသောနေရာ၊ အလွန်အေးသောနေရာမှ ပူပြင်းသောနေရောင်အောက် ချက်ခြင်း ထွက်ခြင်းတို့ကိုလည်း ရှောင်ကြဉ်ရမည်ဟု ကျန်းမာရေးဝန်ထမ်းတို့က နှိုးဆော်ထားသည်။

အစားအစာနှင့် သောက်သုံးရေ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ရန်လိုအပ်

ရာသီဥတုပူပြင်းချိန်တွင် အစားအစာများကို သင့်လျော်သည့် အပူချိန်တွင် မသိမ်းဆည်းပါက ပျက်စီးလွယ်ပြီး အစားအစာမှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်သည်။ သောက်သုံးရေ မသန့်ရှင်းခြင်းနှင့် အစားအစာကို သန့်ရှင်းစွာ မကိုင်တွယ်ခြင်းတို့ကြောင့်လည်း ဝမ်းလျှောခြင်းနှင့် အခြားအူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သည်။

ထို့ကြောင့် သန့်ရှင်းသောရေကိုသာ သောက်သုံးခြင်း၊ အစားအစာများကို သန့်ရှင်းစွာ ပြင်ဆင်ခြင်း၊ ချက်ပြုတ်ပြီးသား အစားအစာများကို အချိန်ကြာမြင့်စွာ အပြင်တွင် မထားခြင်းနှင့် လက်ကို ဆပ်ပြာဖြင့် ပုံမှန်ဆေးကြောခြင်းတို့ကို လိုက်နာသင့်သည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအပြောင်းအလဲများကို အတိအကျ ကြိုတင်ခန့်မှန်းရန် ခက်ခဲသော်လည်း အပူဒဏ်နှင့် ဆက်စပ်သည့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများစွာ ရှိနေသည်။ မိုးလေဝသသတိပေးချက်များကို အမြဲစောင့်ကြည့်ခြင်း၊ အပူဒဏ်ခံနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် အပူလျှပ်ခြင်းကဲ့သို့ အရေးပေါ်အခြေအနေများ၏ လက္ခဏာများကို သိရှိထားခြင်းသည် အရေးကြီးသည်။

အထူးသဖြင့် အပူဒဏ်ကို ပိုမိုခံစားရနိုင်သည့် လူအုပ်စုများကို အလေးထားကာကွယ်ပေးခြင်း၊ ပြင်ပလုပ်ငန်းခွင်များတွင် အလုပ်သမားများအတွက် သင့်လျော်သည့် အနားယူချိန်နှင့် ရေသောက်သုံးခွင့်များ စီစဉ်ပေးခြင်းတို့သည် ကျန်းမာရေးအန္တရာယ်ကို လျှော့ချနိုင်မည့် အရေးကြီးသည့် လုပ်ဆောင်ချက်များ ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညို၏ သက်ရောက်မှုများကို လူတိုင်းက ကြိုတင်သတိပြုကာ လိုအပ်သည့် ကာကွယ်ရေးအစီအမံများကို လိုက်နာခြင်းဖြင့် မိမိတို့၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ကာကွယ်နိုင်မည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts