မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော နေအိမ်မီးလောင်မှုမှာ မီးသွေးမီးအကြွင်းအကျန်မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ပြောသည်။
လယ်ကွင်းမှ ဖုတ်ယူလာသည့် မီးမငြိမ်းသေးသော မီးသွေးခဲများကို အိမ်သို့ယူဆောင်လာပြီးနောက် အိမ်အတွင်းရှိ ပစ္စည်းများနှင့် မီးစွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ မီးခိုးငွေ့များ ထွက်လာမှသာ မီးလောင်နေသည်ကို သိရှိခဲ့ရကြောင်း သိရသည်။

အိမ်တွင်းရှိ စက်ပစ္စည်းများနှင့် နေအိမ်များ ကပ်လျက်ရှိနေခြင်းတို့ကြောင့် မီးကူးစက်မှု မြန်ဆန်ခဲ့သော်လည်း နံနက် ၁၁ နာရီခန့်တွင် ဒေသတွင်း လူမှုကူညီရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်းအကူအညီဖြင့် မီးငြိမ်းသတ်နိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
“လယ်ထဲမှာ မီးသွေးဖုတ်ထားပြီး အိမ်ကိုယူပြန်ခဲ့တယ်။ အိမ်ဘေးမှာ ထားထားတယ်။ အိမ်က နှစ်ထပ်အိမ်ဆိုတော့ အဲ့ဒီမီးသွေးကနေ မီးစွဲသွားတယ်။ ကယ်ဆယ်ရေးအဖွဲ့က အချိန်မီရောက်ပါတယ်။ မီးသွေးလည်းဖြစ်တယ်၊ ပြီးတော့ စက်ပစ္စည်းတွေလည်း အများကြီးရှိနေလို့ မီးကူးတာမြန်သွားတယ်” ဟု သောင်ပြင်ရွာခံ အမျိုးသမီးတစ်ဦးက ၎င်း၏တွေ့ကြုံမှုကို ပြောပြသည်။
ဒေသခံများ၏ အကူအညီဖြင့် အိမ်သုံးပစ္စည်းအချို့ကို အချိန်မီ နေရာရွှေ့ပြောင်းနိုင်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂ လုံး မီးလောင်ပြာကျခဲ့ရပြီး ၃ လုံး မီးလောင်ကျွမ်းခဲ့ရသည်။
ပြင်းထန်သော အယ်လ်နီညို ရာသီဥတုဒဏ်ကြောင့် အပူချိန်မြင့်တက်နိုင်ပြီး ရေခမ်းခြောက်မှုများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကို အထူးသတိပြုကြပါရန် ဒေသအတွင်း ကယ်ဆယ်ရေးအဖွဲ့များနှင့် မိုးလေဝသပညာရှင်များက သတိပေးထားသည်။




