သတင်းဆောင်းပါး-ဂညန်း
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့နှင့် အနီးဝန်းကျင်ကျေးရွာများရှိ ကာစီနိုလုပ်ငန်းများတွင် အမျိုးသမီးငယ်များ ဝင်ရောက်လုပ်ကိုင်လာမှု ယခုနှစ်အတွင်း သိသိသာသာ ပိုမိုများပြားလာကြောင်း မြို့ခံများနှင့် အမျိုးသမီးအရေး လှုပ်ရှားသူများထံမှ သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် စီးပွားရေးပြိုလဲမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ စစ်မှုထမ်းဥပဒေကြောင့် အမျိုးသားများ ပြည်ပထွက်ခွာသွားကြရမှုနှင့် ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် မိသားစု စားဝတ်နေရေးအတွက် အမျိုးသမီးများက ပခုံးထမ်း တာဝန်ယူလာရသည်။
အဆိုပါ ကာစီနိုလုပ်ငန်းခွင်များတွင် အသက် ၁၈ နှစ်မှ ၃၀ နှစ်ကြား အမျိုးသမီးငယ်များ အများဆုံး ဝင်ရောက် လုပ်ကိုင်နေကြပြီး ကျောင်းဆက်မတက်နိုင်ဘဲ မိမိကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ကြသူများ ရှိသကဲ့သို့ ပွဲစားများ၏ လိမ်လည်ခေါ်ဆောင်မှုကြောင့် ရောက်ရှိလာသူများလည်း ပါဝင်ကြောင်း ကာစီနိုတွင် အလုပ်လုပ်ကိုင်ဖူးသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကာစီနိုရုံးမှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေ ဒီနှစ်နဲ့ မနှစ်က ပိုများလာတယ်။ အသက် ၁၈ နှစ်ကျော် လောက်တွေပါပဲ။ အလုပ်လုပ်ချင်လို့ ဝင်လုပ်ကြတာ၊ ကျောင်းဆက်မတက်ဘဲ အလုပ်လုပ်ဖြစ်တာမျိုးရှိသလို အချို့ကျ ပွဲစားတွေရဲ့ လိမ်လည်ရောင်းစားမှုကြောင့် ရောက်လာကြတယ်။ ဘုရားသုံးဆူ မြို့ခံလည်းရှိသလို အခြားနယ်က လာတဲ့သူတွေလည်း များတယ်။ ” ဟု ၎င်းက ပြောသည်။
ကာစီနိုရုံးများတွင် တစ်လလျှင် ထိုင်းဘတ်ငွေ ၁ သောင်းနှင့်အထက်အကျိုးခံစားခွင့်ရရှိပြီး အပိုဆုကြေးများလည်း ရရှိသည့်အတွက် စားဝတ်နေရေးအတွက် ကာမိကြောင်း နီးစပ်သူများထံမှ သိရသည်။
သို့သော်လည်း လုပ်ငန်းခွင် လုံခြုံရေးနှင့် အချက်အလက် မပေါက်ကြားစေရန် တာဝန်ရှိသူများက စည်းကမ်းချက်များ ကန့်သတ်ထားသဖြင့် မြို့ခံများနှင့် ဆက်ဆံမှု မရှိသလောက် နည်းပါးကြောင်း သိရသည်။
ဘုရားသုံးဆူမြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် ဂျပန်ရေတွင်းရွာ ဒေသခံတစ်ဦးကလည်း “ဘုရားသုံးဆူဘက်ကနေ ဂျပန်ရေတွင်းရွာဘက် ကာစီနိုဝိုင်းတွေကို အမျိုးသမီးတွေတင်ထားတဲ့ ကားတစ်စီးနဲ့ မနက်ပိုင်းဆိုလာပြီး ညနေပိုင်း ပြန်ကြတယ်။ ယူနီဖောင်း သပ်သပ်ရပ်ရပ်နဲ့ဆိုတော့ အစက ရွာသားတွေက ကျောင်းလာတက်ကြတာလို့ ထင်နေကြတာ” ဟု ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေသော ပဋိပက္ခများ၊ ပညာရေး ပြတ်တောက်မှုများနှင့် တရားဥပဒေ စိုးမိုးမှု လျော့နည်းလာခြင်းတို့ကြောင့် လူငယ်များမှာ လုပ်ငန်းခွင်များသို့ စောစီးစွာ ခြေဆန့်လာကြရသည်။
ပြည်ပသို့ ထွက်ခွာလုပ်ကိုင်ရန် လမ်းစရိတ် ထိခိုက်မှုနှင့် တရားဝင်အထောက်အထား လိုအပ်ချက်များကြောင့် စရိတ်မကုန်ဘဲ အထောက်အထားမလိုသည့် နယ်စပ် ကာစီနိုလုပ်ငန်းများကို ရွေးချယ်လာကြခြင်း ဖြစ်သည်။
အကူအညီပေးရေး အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် အမျိုးသမီး ၄၂ ရာခိုင်နှုန်းခန့်သည် မည်သည့် ဝင်ငွေမျှမရှိဘဲ ဖြစ်နေရပြီး ကုန်ဈေးနှုန်းမှာလည်း တစ်နှစ်ထက်တစ်နှစ် ၃၀ ရာခိုင်နှုန်းခန့် အထိ မြင့်တက်နေသည်ဟုဖော်ပြထားသည်။
အမျိုးသမီးအရေး လှုပ်ရှားသူများကမူ ယခုကဲ့သို့ အမျိုးသမီးငယ်များ လောင်းကစား လုပ်ငန်းခွင်များတွင် စားဝတ်နေရေးအတွက် ကျင်လည် လုပ်ကိုင်လာရခြင်းနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် အကြမ်းဖက် ခံရပါကလည်း တိုင်ကြားရန် ခက်ခဲနေခြင်းတို့သည် အမျိုးသမီးများ၏ လုံခြုံရေး၊ တရားမျှတမှု ရရှိရေးနှင့် နိုင်ငံရေး/ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်ချသည့် ကဏ္ဍများတွင် ပါဝင်နိုင်မှု အခွင့်အလမ်းများကို မှေးမှိန်သွားစေကြောင်း ထောာက်ပြပြောဆိုထားကြသည်။




