ကျပ်ဘီလီယံ ၁၁,၀၀၀ ကျော်အထိ စံချိန်တင် လိုငွေပြနေသည့် စစ်ကောင်စီ၏ ဘဏ္ဍာရေး အခြေအနေနှင့် ဗဟိုဘဏ်ထံမှ ငွေကြေးအမြောက်အမြား တိုက်ရိုက်ချေးယူနေမှုသည် မြန်မာ့စီးပွားရေး၏ ပကတိအခြေအနေကို မီးမောင်းထိုးပြနေပေသည်။
အာဏာသိမ်းပြီး ငါးနှစ်ကျော်အကြာ မြန်မာနိုင်ငံတွင် စစ်ကော်မရှင် အုပ်ချုပ်ရေးယန္တရား၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုသည် စံချိန်တင် ဘတ်ဂျက်လိုငွေနှင့်အတူ အဆိုးရွားဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
အာဏာမသိမ်းခင် အနီးဆုံး ၂၀၁၉-၂၀၂၀ ပြည့်နှစ်အစိုးရ၏ ဘက်ဂျက်လိုငွေမှာ ကျပ် ဘီလီယံ ၆၀၀၀ ဝန်းကျင်ရှိခဲ့သည်။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် စစ်တပ်ခန့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မူလခန့်မှန်းထားသည့် ဘတ်ဂျက်လိုငွေမှာ ကျပ်ဘီလီယံ ၉,၀၁၅ ဒသမ ၁၈၁ ဖြစ်သော်လည်း ဖြည့်စွက်ရန်ပုံငွေများ ထပ်မံတောင်းခံလာပြီးနောက် ပြင်ဆင်တွက်ချက်မှုအရ ကျပ်ဘီလီယံ ၁၁,၄၁၈ ဒသမ ၈၇၈ အထိ မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။

လိုငွေ၏ ဇစ်မြစ်
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခများ၊ စစ်စရိတ် မြင့်မားလာမှုနှင့် နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် မြန်မာစစ်ဗိုလ်ချုပ်များအတွက် နှစ်စဉ် ဘက်ဂျက်လိုငွေမှာ အကျပ်ရိုက်စေခဲ့သည်။
နိုင်ငံ၏ ကာကွယ်ရေးအသုံးစာရိတ် တနည်းအားဖြင့် စစ်အသုံးစာရိတ်ကို အာဏာသိမ်းစစ်ဗိုလ်ချုပ်များ ချမပြသော်လည်း နိုင်ငံအသုံးစာရိတ်၏ အမြင့်ဆုံးနေရာကို ယူထားသည်မှာ ခန့်မှန်းရန် လွယ်လှပေသည်။
ထို့ပြင် စစ်အာဏာသိမ်းမှုအပြီး နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ဒေါ်လာငွေ အကျပ်အတည်းနှင့် နိုင်ငံတကာဘဏ်များမှ ငွေကြေးဖြတ်သန်းရန် အခက်အခဲများ ရှိခဲ့သည်။
“အမေရိကန်၊ ဥရောပနဲ့ အနောက်နိုင်ငံတွေက ဆန်ရှင်ချတော့ ဒီစစ်တပ်ရဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တွေက နိုင်ငံတကာ ငွေကြေး ကွန်ရက်တွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ နောက်ပြီး စစ်တပ်ကို ကမ္ဘာ့ဘဏ်လို၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) လို နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပံ့ငွေတွေ၊ ချေးငွေတွေ ပေးတာ ရပ်ဆိုင်းသွားတော့ နိုင်ငံရဲ့ဘဏ္ဍာတိုက်က ဝင်ငွေမရှိတော့ဘူး။ ထွက်ငွေသီးသန့်ပဲရှိတော့တယ်”ဟု စီးပွားရေးပညာရှင်က သုံးသပ်သည်။
ယခင် အရပ်သားအစိုးရ လက်ထက်တွင် ဘက်ဂျက်လိုငွေကို ပြန်လည်ဖြည့်တင်းပေးနိုင်သော အဓိက ထောက်တိုင်ကြီးများဖြစ်သည့် နယ်စပ်ကုန်သွယ်ရေးအခွန်၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အတိုးနှုန်းသက်သာသည့် နိုင်ငံတကာချေးငွေ ရရှိမှုများမှာလည်း စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်ခဲ့ရသည်။
အဆိုပါ လိုငွေ ပမာဏကို ဖြည့်ဆည်းရန် ဗဟိုဘဏ်ထံမှ ကျပ် ဘီလီယံ ၂,၁၀၀ ကျော်အထိ တိုက်ရိုက် ချေးယူသွားရန် အတည်ပြုထားပြီးဖြစ်သည်။
အဆိုပါဆုံးဖြတ်ချက်အပြီး စစ်အုပ်စုက ငွေစက္ကူအသစ်များ ရိုက်ထုတ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သလို နိုင်ငံတကာငွေကြေးစျေးကွက်တွင် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့သည်။
စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က “ဟို ဒီလိုဗျ ငွေစက္ကူအသစ်ရိုက်ထုတ်တယ်ဆိုတာ ဗဟိုဘဏ်က သူ့ဆုံးဖြတ်ချက်နဲ့သူ လုပ်လို့မရဘူး။ အစိုးရက သတ်မှတ်သလောက်ပဲ လုပ်ခွင့်ရှိတယ်။ ပြောချင်တာက ငွေလာချေးတိုင်း ငွေရိုက်ထုတ်ပေးလိုက်တာမျိုး မဟုတ်ဘူး” ဟု ပြောသည်။
ပြည်တွင်း ပြည်ပ ကြွေးမြီ ဝန်ထုပ်ဝန်ပိုး
မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပသို့ ဆပ်ရမည့် ကြွေးမြီ ကျပ်ဘီလီယံ ၇ သောင်းကျော် ရှိနေကြောင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ရဲ့ ငွေစာရင်းဆိုင်ရာအချက်အလက် ဖော်ပြချက်အရ သိရသည်။
အထက်ပါအခြေအနေတွင် ဘယ်လားရုစ်နိုင်ငံဆီမှ အတိုးနှုန်း ၉ ရာခိုင်နှုန်းကျော်ဖြင့် ပို့ကုန်ချေးငွေရယူ ရန်လည်း လွှတ်တော်က ဆုံးဖြတ်ထားသည်။
အဆိုပါ ချေးငွေဖြင့် ဘယ်လားရုစ်နိုင်ငံထုတ် စက်မှုလက်မှုပစ္စည်းများနှင့် နည်းပညာများကို အကြွေးစနစ်ဖြင့် ဝယ်ယူရန် ဖြစ်ပြီး အတိုးနှုန်းဖြင့် ငွေပြန်ပေးချေရမည်ဖြစ်သည်။
ထိုကဲ့သို့ ငွေချေးယူရန် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က လွှတ်တော်သို့ တင်ပြစေခဲ့ခြင်းဖြစ်ပြီး စီးပွားရေးပညာရှင်များကမူ ကြွေးမြီဝန်ထုပ်ဝန်ပိုးမြင့်လာမည်ကို သတိပေးခဲ့ကြသော်လည်း လွှတ်တော်က ချေးယူခွင့်ပြုခဲ့သည်။
ဦးသက်ဇော်က “အတိုးနှုန်း လွန်ကဲတာတော့ ဒါက ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်တယ်။ ချေးခွင့်ပြုလိုက်ပြီဆိုရင် အဲဒီ ကြွေးမီက ဘယ်ပေါ်သက်ရောက်လဲဆိုတော့ ပြည်သူတွေဘက် သက်ရောက်တာပေါ့နော်။ တိုင်းပြည် မိသားစု လူဦးရေ သန်းဘယ်လောက်မှာ ကြွေးမီ ဘယ်လောက်ရှိသွားလဲဆိုရင် တစ်ဦးချင်းစီမှာ ကြွေးမီဆပ်ရမယ့် တာဝန်တွေက ရောက်တာပေါ့နော်။” ဟု ဆိုသည်။
မြန်မာကျပ်ငွေတန်ဖိုးမှာလည်း အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်တွင် အမေရိကန် တစ်ဒေါ်လာ လျှင် ၁၃၀၀ ကျပ် ဝန်းကျင်မှ ၂၀၂၆ ခုနှစ်တွင် တစ်ဒေါ်လာလျှင် ၃၆၀၀ ကျပ် ဝန်းကျင်မှ ၄၀၀၀ ကျပ်အထိ တန်ဖိုးကျဆင်းခဲ့သည်။
ကျပ်ငွေတန်ဖိုးကျဆင်းသည့် သက်ရောက်မှုမှာ ပြည်သူလူထု၏ နေ့စဉ်ဘဝသို့ တိုက်ရိုက်သက်ရောက်မှု ရှိနေသည်။
အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား စျေးနှုန်းများမှာ အာဏာမသိမ်းခင်ကာလထက် ၅ ဆနီးပါး မြင့်တက်သွားခဲ့ပြီး လိုသလောက်ပင် ဝယ်ယူ၍ မရသည့် အခြေအနေကို ပြည်သူများ ရင်ဆိုင်နေရသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ဗိုလ်ချုပ်များက အစိုးရဖွဲ့၍ တိုင်းပြည်ကို အုပ်ချုပ်နေပြီး ယခုတောင်းဆိုထားသည့် ဘက်ဂျက်များကိုပင် ထိထိရောက်ရောက် သုံးစွဲကာ ကျပ်ငွေတန်ဖိုးကျဆင်းမှု ပြဿနာကို ကိုင်တွယ်နိုင်မည်လားဆိုသည်မှာ မေးခွန်းထုတ်စရာပင် ဖြစ်နေသည်။




