သုံးသပ်ချက်-ဂညန်း
ညမထွက်ရအမိန့်အား တင်းတင်းကြပ်ကြပ် ဖမ်းဆီးအရေးယူမှုလုပ်နေသည့် မွန်ပြည်နယ်တွင် လာမည့် သီတင်းကျွတ်ကာလ ဘုရားပွဲများကို ညလုံးပေါက် စည်စည်ကားကား ကျင်းပသွားရန်စီစဉ်နေသဖြင့် လူငယ်များ၏ လုံခြုံရေးအတွက် မိဘအုပ်ထိန်းသူများက စိုးရိမ်မကင်းဖြစ်နေကြသည်။
သီတင်းကျွတ်လဆန်းနှင့် လပြည့်ကျော်ရက်များတွင် ပြုလုပ်မည့် ရက်ရှည်ဘုရားပွဲများဖြစ်သော ကျိုက်ခမီဘုရားပွဲနှင့် ကမာဝက်မြို့၊ ကျိုက်ကမော့ကြီးဘုရားပွဲတို့တွင် ဇာတ်ပွဲနှင့် ရှိုးပွဲများဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။
တစ်ဖက်တွင်လည်း မွန်ပြည်နယ်မြို့နယ်အများစုကို ညမထွက်ရအမိန့် အတိအကျလိုက်နာရန် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှု ထပ်မံသတိပေးထားပြီး ဖမ်းဆီးမှုနှင့် လူပျောက်ဆုံးမှုများ ယခုနှစ်အတွင်း သိသိသာသာ တိုးလာနေသည်
မြို့နယ်တိုင်း၌ လူငယ်များ ပုံစံမျိုးစုံဖြင့် စစ်သင်တန်းအတွက် ဖမ်းဆီးခံနေရပြီး ပြီးခဲ့သည့် စစ်သင်တန်းအပတ်စဉ် ၂၈ အတွက် မွန်ပြည်နယ်၌ လူငယ် (၂၂၂) ဦးအထိ ဖမ်းဆီးစုဆောင်းခံခဲ့ရသည်ဟု မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာ ထောက်ထားမှုကွန်ရက်မှ ဖော်ပြသည်။

လူငယ်များ ဖမ်းဆီးမှုတွင် အဓိက ပါဝင်ပတ်သတ်နေသည့် စစ်တပ်နှင့် လုံခြုံရေးအဖွဲ့များက ပွဲလမ်းသဘင်ဖြစ်မြောက်ရေးအတွက် ပါဝင်နေသဖြင့် လူငယ်များအတွက် ထောင်ချောက်ဖြစ်နိုင်ကြောင်းလည်း မွန်လူငယ်တစ်ဦးက ပြောသည်။
လူမှုအဖွဲ့အစည်းမှ မွန်လူငယ်တစ်ဦးက “ ရဲတွေ၊ စစ်သားတွေ လုံခြုံရေးက သူတို့ရဲ့ ပွဲဖြစ်မြောက်ရေးတွေကိုပဲ အဓိကလုပ်သွားမှာပါ။ လူငယ်ရဲ့ ပျော်ရွှင်ဖို့အခွင့်အရေးလား၊ လွတ်လပ်ခွင့်လား၊ စိုးရိမ်စေမဲ့ လူဖမ်းပွဲလား။ ပြည်သူတွေရဲ့ သွားလာရေး၊ လုံခြုံရေး၊ နေထိုင်မှုဆိုတာလည်း သူတို့လက်ဆုပ်မှာပဲ ရှိတယ်။ အခုရော၊ နောင်ရော ဒီလိုပဲဖြစ်နေမှာ။” ဟု ၎င်းက ပြောသည်။
စစ်ကော်မရှင်သည့် စစ်ဆေးရေးဂိတ်များ၊ မြို့အဝင်အထွက်နေရာများနှင့် လူပြတ်လပ်သည့်နေရာများတွင် စောင့်ဆိုင်းဖမ်းဆီးခြင့်အပြင် လမ်းမများပေါ်၌ ယာဉ်လိုင်စင်စစ်ဆေးသကဲ့သို့အပြင် အရပ်ဝတ်များဖြင့်စောင့်ဆိုင်၍ ဖမ်းဆီးနေသည်။
လူငယ်များ၏ လွတ်လပ်ခွင့်သည် အာဏာပိုင်များ၏ လက်ခုတ်အတွင်းသာရှိပြီး မိမိတို့၏ လွတ်လပ်ခွင့်များ ကင်းမဲနေကြောင်းလည်း အထက်ပါလူငယ်က ဆိုသည်။
ပျောက်ဆုံးသွားသည့် လူငယ်များသည် သတင်းအစအနမရရှိသည့်အပြင် တိုင်ကြားရန်လည်းမလွယ်ကူသဖြင့် ကာယကံရှင်များအတွက် စိန်ခေါ်မှုကြီးမားနေသည်။
မွန်နိုင်ငံရေးသမားတစ်ဦးက “အခုက ပွဲစားလား၊ ကြားလူလား၊ ဘယ်သူမှန်းမသိဘူး၊ ဖမ်းနေကြတယ်။ ရှင်းရှင်းပြောရရင် အစိုးရ၊ နိုင်ငံရေးသမားတွေ၊ အုပ်ချုပ်ရေးအပိုင်းကလူတွေ အဓိကတာဝန်ရှိတာပေါ့။ ဘယ်အဖွဲ့၊ ဘယ်သူမှန်းမသိ လူငယ်ပျောက်သွားတာက ရွာအတွက်၊ မြို့အတွက် ကြီးမားတဲ့ လုံခြုံရေးစိန်ခေါ်မှုပါ။” ဟု ၎င်းက ပြောသည်။
အာဏာရယူထားသည့် အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီများနှင့် အုပ်ချုပ်ရေးအပိုင်း အာဏာရှိသူများတွင် တာဝန်ရှိသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ အားကိုးရန် မလွယ်ကူသေးသဖြင့် မိမိလုံခြုံရေးကို ကိုယ်တိုင်သတိထားရမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
နေ့ဘက်အပြင်ထွက်သွားလာရန် လမ်းပိုင်းအခြေအနေ ကြိုတင်စုံစမ်းရပြီး ညပိုင်းတွင် အရေးကြီးကိစ္စမရှိလျှင် အပြင်မထွက်ရဲဘဲ ဆိုးရွားနေသည့် လုံခြုံရေးအခြေအနေကြောင့် လူငယ်များ သွားလာနေထိုင်ရန် အထူးသတိပြု ဆင်ခြင်နေရသည်။
နိုင်ငံတစ်ဝှမ်း စစ်အုပ်ချုပ်ရေးမိန့် ထုတ်ပြန်ထားသည့် မြို့နယ် ၅၅ မြို့နယ်ကိုလည်း နောက်ထပ်ရက်ပေါင်း ၉၀ ထပ်မံ တိုးမြှင့်ခဲ့ကြောင်းလည်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံတော်သမ္မတရုံးမှ အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ လုံခြုံမှုမရှိခြင်း၊ စီးပွားရေးအခက်အခဲ၊ နေရပ်စွန့်ခွာမှုနှင့် စိုးရိမ်ထိတ်လန့်မှုများကြောင့် ကျန်းမာရေးထိခိုက်စေပြီး၊ မြန်မာလူငယ် ၂ သန်းခွဲနီးပါးသည် ၎င်းတို့၏လုံခြုံရေးအတွက် အမြဲတမ်းနီးပါး ကြောက်ရွံ့နေကြရပြီး ၆ သန်းကျော်သည် ညအချိန်၌ လုံခြုံမှုမရှိဟု ခံစားနေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ ၂၀၂၅ အစီရင်ခံစာအရ သိရသည်။


