စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံတော်သမ္မတရုံးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ်ချုပ်ရေးအမိန့် ထပ်မံသက်တမ်းထိုးထားသည့် ၅၅ မြို့နယ်တွင် ကော့ကရိတ်နှင့် ကြားအင်ဆိပ်ကြီး မြို့နယ်တို့ ပါဝင်ပြီး ရက်ပေါင်း ၉၀ ထပ်မံ သက်တမ်းတိုးထားကြောင်း ထုတ်ပြန်ကြေညာချက်များအရ သိရသည်။
ယခင် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသည့်မြို့နယ်များအနက် တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိသည့် ၃ မြို့နယ်မှအပ ကျန် ၅၅ မြို့နယ်တွင် ဆက်လက်တည်မြဲနေကြောင်း အောက်တိုဘာ ၁၈ ရက်နေ့ရက်စွဲ့ဖြင့် ထုတ်ပြန်သည်။

ယင်းအမိန့် ဆက်လက်အတည်ပြုထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်လိုက်ပြီး လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် (သို့) စစ်ဘက်အာဏာပိုင်တစ်ဦးဦးအား ကျင့်သုံးဆောင်ရွက်ခွင့်ပြုထားသည်။
စစ်တပ်မှ ၎င်းတို့၏လုပ်ပိုင်ခွင့်များကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သောကြောင့် သွားလာလှုပ်ရှားမှုကန့်သတ်ခံရခြင်း၊ မတရားစစ်ဆေးမှုခံရခြင်းနှင့် လုံခြုံရေးအခြေအနေကင်းမဲ့ခြင်းများနှင့် နေ့စဉ်နေ့တိုင်း ရင်ဆိုင်နေရပြီး လူမှုစီးပွားရေးများလည်း ပျက်စီးဆုတ်ယွလာနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့များမှ ဆိုသည်။
ဒေသန္တရအမိန့်နှင့် စစ်အုပ်ချုပ်ရေးအမိန့်များကို တင်းကြပ်ထားသော်လည်း ပွဲလမ်းသဘင်များ ပြုလုပ်ခွင့်ပေးထားပြီး စစ်သားသစ်စုဆောင်းမှုအတွက် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးမှုများကို စိတ်ကြိုက်လုပ်ဆောင်နေသည်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းမှုနှင့် စစ်ကြောင်းများ၏ ရွာအတွင်း ဝင်ရောက်လှုပ်ရှားမှုတို့ကြောင့် အရပ်သားများ၏ နေ့စဉ်ဘဝ၊ အသက်မွေးဝမ်းကျောင်းနှင့် လွတ်လပ်စွာသွားလာခွင့်များ ထိခိုက်ခဲ့သည်ဟု မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက်မှ ဆိုသည်။
လက်ရှိ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ခဲ့သည့် ၅၅ မြို့နယ်တွင် ရခိုင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယားပြည်နယ်အပြင် စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ်များလည်း ပါဝင်သည်။




