Homeဆောင်းပါးဟန်ချက်ညီရန် လိုအပ်လာတဲ့ မိဘနှင့်သားသမီးဆက်ဆံရေး

ဟန်ချက်ညီရန် လိုအပ်လာတဲ့ မိဘနှင့်သားသမီးဆက်ဆံရေး

-

သတင်းဆောင်းပါး၊ နောင်ရိုး ရေးသားသည်။

“ငါဆို အိမ်မှာဘာလုပ်လုပ် အမြဲတမ်းအဆူခံရတယ်။ ငါရဲ့သူငယ်ချင်းတွေကလည်း လူကောင်းတွေပါ။” ဟု မင်းသိုက်ချမ်း ၁၇နှစ်က ဖွင့်ဟလာတာပါ။

 မင်းသိုက်ချမ်းသည် ရှစ်လသားအရွယ်ကတည်းက အဘွားနှင့်အတူ ကြီးပြင်းလာရသည့် ဆယ်ကျော်သက်လူငယ်တစ်ဦးဖြစ်သည်။

အဘွားနှင့်အတူ နေထိုင်ရသော်လည်း ပြည်ပရောက်မိဘများ၏ လမ်းညွှန်မှုအတိုင်း လိုက်နာနေထိုင်ရပြီး နှစ်ပေါင်းများစွာ ခွဲခွာနေရသည့် မိဘများ၏ မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုများကြားတွင် ကြီးပြင်းလာရသည်။

ပြည်ပတွင် တရားမဝင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေရသည့် မင်းသိုက်ချမ်း၏ မိဘများသည် မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲမျိုး သားဖြစ်သူ မကြုံတွေ့စေရန် ပညာရေးကို ဦးစားပေးစေလိုကြသည်။

အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် မွန်ပြည်နယ်မှ မိဘအချို့သည် မိသားစုစားဝတ်နေရေးအတွက် ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့သို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေကြရသည်။ နောက်တွင်ကျန်ရစ်ခဲ့သည့် ဆယ်ကျော်သက်သားသမီးများမှာ အဘိုးအဘွားများနှင့်အတူ နေထိုင်ကြရသည်။

တနည်းအားဖြင့် မိသားစုတချို့သည် စားဝတ်နေရေးအတွက် ရွှေ့ပြောင်းအလုပ်လုပ်ကြပြီး ပြည်ပက ငွေကြေးထောက်ပံ့မှုပေးကာ သားသမီးတွေရနေစဥ်ပြုစုပျိုးထောင်မှုကို အဖိုးအဖွားတွေကို အားထားနေကြရသည်။

ပြည်ပရောက်မိဘများနှင့် ကလေးများ၏ စိတ်ပိုင်ဆိုင်ရာလိုအပ်ချက် အဖိုးအဖွားများ၏စောင့်ရှောက်မှု ဝန်ထုပ်ဝန်ပိုးနှင့် မိဘများ၏ အလုပ်အကိုင်အခြေအနေ စစ်မှုထမ်းစုဆောင်းမှုအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ အပြန်အလှန် ဟန်ချက်ညီရန် လိုအပ်နေပေသည်။

မိဘနှင့် သားသမီးတို့ နှစ်နှင့်ချီ ခွဲခွာနေရသည့်အခါ အဝေးမှ ကာကွယ်စောင့်ရှောက်လိုသည့် မိဘတို့၏ စိုးရိမ်ပူပန်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် လိုအပ်လာသည့် သားသမီးတို့၏ ဆန္ဒကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်လာသည်။

“ငါက အရွယ်ကြီးတယ်၊ အတွေ့အကြုံ များတယ်၊ ငါ့စကား နားထောင်” ဆိုသည့် မိဘ၏ သွန်သင်ဆုံးမစကားအောက်၌ သားသမီးတို့၏အမြင်၊ ဆန္ဒနှင့်လွတ်လပ်ခွင့်များကို ဆုံးရှံးနေရသည်ဟု ဆယ်ကျော်သက်လူငယ်တို့ကဆိုကြသည်။

အဝေးရောက်မိဘများအတွက် အဖိုးအဖွားနှင့်ကျန်ခဲ့သည့် သားသမီး၏ လုံခြုံရေး၊ ပညာရေးနှင့် နေထိုင်မှုပုံစံတို့သည် အမြဲစိုးရိမ်စရာ ဖြစ်နေတတ်သည်။

ကျောင်းသွားကျောင်းပြန် ဘေးကင်းရဲ့လား၊ ပညာရေးအတွက် ပို့ပေးသည့်ငွေကို မှန်ကန်စွာ သုံးစွဲရဲ့လား၊ မိမိတို့အနားမှာ မရှိသည့်အခါ အားကိုးရမည့်သူ ရှိရဲ့လားဆိုသည့် မေးခွန်းများက အဝေးမှ သားသမီးကို စောင့်ကြည့်မေးမြန်းစေသည်။

“ကိုယ့်ရဲ့သားသမီးဆိုတော့ အကောင်းတွေပဲ ဖြစ်စေချင်တယ်။ ကိုယ့်လို ဒုက္ခခံအလုပ်လုပ်နေရမှာ အမြဲစိုးရိမ်တယ်” ဟု မလေးရှားနိုင်ငံရောက် မိခင်တစ်ဦးက ဆိုသည်။

မိဘများအတွက် သားသမီးကို မေးမြန်းစောင့်ကြည့်ခြင်းသည် ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်ပူပန်မှုကို ဖော်ပြခြင်းဖြစ်သည်။ သို့သော် ပြည်ပတွင် အလုပ်လုပ်နေရသည့် မိဘများသည် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာဖွေပေးနိုင်သော်လည်း သားသမီးတို့၏ နေ့စဉ်ဘဝကို အနီးကပ်မြင်တွေ့ပြီး နားလည်ပေးနိုင်ရန် အခက်အခဲရှိနေသည်။

အဝေးမှသာ ဆက်သွယ်နိုင်သည့်အခါ မိဘတို့၏ စိုးရိမ်မှုသည် မေးခွန်းများနှင့် ညွှန်ကြားချက်များမှတစ်ဆင့် ပေါ်လာတတ်သည်။ သို့သော် မိဘများအတွက် သာမန်မေးခွန်းတစ်ခုဖြစ်သည့် “ဘယ်သူနဲ့ရှိနေတာလဲ” ဆိုသည့် စကားသည် သားသမီးများအတွက် အမြဲစောင့်ကြည့်ခံနေရသကဲ့သို့ ခံစားရစေသည်ဟု ဆယ်ကျော်သက်တဦးကဆိုသည်။

“ဖုန်းပြောတဲ့ အကြိမ်တိုင်း သူများသားသမီးနဲ့ နှိုင်းခံရတယ်။ ဖုန်းတောင် မကိုင်ရသေးဘူး၊ ဘယ်သူ့သမီးက ကျောင်းမှာ အဆင့်ဘယ်လောက်ရတယ်ဆိုတဲ့ အကြောင်းတွေပဲ နားထောင်ရတယ်။” ဟု မင်းသိုက်ချမ်းက သူကြုံတွေ့နေရသည့်အဖြစ်ပျက်ကိုပြောပြလာသည်။

ဆယ်ကျော်သက်များအတွက် မိဘနှင့် ဖုန်းပြောချိန်သည် နေ့စဉ်ကြုံတွေ့ရသည့် အကြောင်းအရာများကို ရင်ဖွင့်ပြောဆိုနိုင်သည့် အချိန်တစ်ခု ဖြစ်သည်ဟု မိဘနှင့်ဝေးကွာနေသည့်ဆယ်ကျော်သက် မိယဉ်စနိုင်းကသူမ၏ခံစားချက်ကို ပြောပြလာသည်။  

သို့သော် စကားဝိုင်းတိုင်းတွင် ပညာရေးရလဒ်၊ ပေါင်းသင်းဆက်ဆံရေးနှင့် အခြားသူများနှင့် နှိုင်းယှဉ်ခံရမှုများသာ အဓိကဖြစ်လာပါက မိဘထံမှ နားလည်မှုရရှိမည့်အစား အပြစ်တင်ခံရမည်ကို စိုးရိမ်နေရသည်ဟု သူမက ဆက်ပြောပါသည်။

မိဘများက သားသမီးတို့ကို ကောင်းမွန်သည့်အနာဂတ် ရရှိစေလိုသည့် ဆန္ဒဖြင့် လမ်းညွှန်ပေးခြင်းဖြစ်သော်လည်း သားသမီးတို့၏ ခံစားချက်နှင့် အမြင်ကို နားထောင်ပေးခြင်းမရှိပါက ထိုလမ်းညွှန်မှုသည် ဖိအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု မော်လမြိုင်မြို့မှ ကလေးစိတ်ပညာဆရာမတစ်ဦးကဆိုသည်။

 အမြဲတမ်း စောင့်ကြည့်ခံရခြင်းနှင့် နှိုင်းယှဉ်ခံရခြင်းတို့ကြောင့် မိမိ၏အခက်အခဲများကို မိဘထံ ရင်ဖွင့်ပြောဆိုလိုစိတ် လျော့နည်းလာနိုင်ပြီး မိသားစုအတွင်း ယုံကြည်မှုနှင့် ရင်းနှီးမှုလည်း ထိခိုက်လာသည်ဟု အထက်ပါဆရာမက ဆိုထားသည်။

လူငယ်များ၏ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ဖွံ့ဖြိုးလာသည့် ဆယ်ကျော်သက်အရွယ်တွင် မိဘများ၏ ထိန်းချုပ်မှုနှင့် ယုံကြည်မှုပေးမှုကြား ဟန်ချက်ညီရန် လိုအပ်ကြောင်း ကလေးစိတ်ပညာလေ့လာသူ ဆရာမ မိပကောင်းမွန်ကဆိုသည်။

“မိဘတွေက ဖြစ်ချင်နေတဲ့ ဆန္ဒကိုပဲ ကိုယ့်ရဲ့သားသမီးကို အတင်းဖိအားပေးပြီးတော့ ပေးလုပ်ခိုင်းနေလို့လည်း မရဘူး။ မိဘနဲ့သားသမီးကြားမှာ အလျော့အတင်းဆိုတာ အရမ်းကိုအရေးကြီးတယ်။”

အဝေးရောက်မိဘများအနေဖြင့် သားသမီးတို့၏ လုပ်ဆောင်ချက်များကို စစ်ဆေးမေးမြန်းခြင်းထက် သူတို့၏ အခက်အခဲ၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို နားထောင်ပေးရန် လိုအပ်သည်ကြောင်း မိပကောင်းမွန်က ဆိုသည်။

သားသမီးတို့၏ ဆုံးဖြတ်ချက်တိုင်းကို သဘောတူရန် မလိုအပ်သော်လည်း မိမိတို့၏အမြင်ကိုသာ အတင်းအကျပ် လက်ခံစေခြင်းထက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းက ပိုမိုအရေးကြီးသည်။

မိဘနှင့် သားသမီးတို့ကြား အကွာအဝေးသည် နေရာဒေသအရသာမက စိတ်ခံစားမှုအရပါ ဖြစ်ပေါ်နေသည်ကိုတွေ့မြင်ကြားသိရသည်။ထိုအကွာအဝေးကို လျှော့ချရန်အတွက် အဝေးမှ စောင့်ကြည့်မေးမြန်းခြင်းတစ်ခုတည်းထက် နားလည်ပေးမှုနှင့် ယုံကြည်မှုကို အခြေခံသည့် ဆက်သွယ်မှု လိုအပ်သည်။

 အထူးသဖြင့် ဆယ်ကျော်သက်များ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊သူငယ်ချင်းဆက်ဆံရေး၊အနာဂတ်ရွေးချယ်မှုနှင့် ကိုယ်ပိုင်အသိအမြင်များကို ထည့်သွင်းစဥ်းစားရန် အရေးကြီးလာပါသည်။

ပြည်ပရောက်မိဘများသည် အမိန့်ပေးခြင်းထက် ဆွေး‌နွေးခြင်း အကျိုးသင့်အကြောင့်သင့်ရှင်းပြခြင်း သားသမီးများ၏ ခံစားချက်များကို နားထောင်ပေးရန်လိုအပ်သည်ဟု ကလေးစိတ်ပညာရှင်တဦးကအကြံပြုထားသည်။

ပြည်ပရောက်ရွေ့ပြောင်းအလုပ်သမားမိဘများ၏ သားသမီးများကြီးပြင်းလာမှုသည် မိသားစုတစုတည်းကသာ မဟုတ် လူမှုအသိုင်းအဝိုင်းကလည်း စာနာမျှဝေကူညီနိုင်ရန် လိုအပ်ပါသည်။

မည်သို့ပင်ဖြစ် ပြည်တွင်းမှာကျန်ခဲ့သည့် သားသမီးများသည် လုံခြုံမှု၊ချစ်ခြင်းမေတ္တာ၊နားထောင်ပေမည်သူနှင့် မိမိကိုယ်ကို တန်ဖိုးရှိသူဟု ခံစားနိုင်မှုတို့ဖြင်ကြီးကြီးပြင်းလာရန် လိုအပ်နေသည် မင်းသိုက်ချမ်းက အောက်ပါအတိုင်းဖွင့်ဟလာပါသည်။

 “တစ်ခါတလေ မိဘတွေက ကျွန်တော်တို့ကို ချစ်လို့ စိုးရိမ်ပေးတာဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ နားလည်ပေးမှုနဲ့ ယုံကြည်မှုလည်း ရှိစေချင်ပါတယ်။” ဟု မင်းသိုက်ချမ်းက သူ၏ခံစားချက်ကို ဖွင့်ဟလာသည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts