ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်-ပုလိန်-အဘစ်ကားလမ်းပိုင်း လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာရန် မလွယ်ကူသေးကြောင်း မြေပြင်တော်လှန်ရေးတပ်နှင့် ဒေသခံများက ပြောသည်။
ပုလိန်ကျေးရွာအတွင်း အခြေချတပ်စွဲထားသည့် စစ်ကော်မရှင်စစ်ကြောင်းက အောက်တိုဘာလ ၁၄ ရက်နေ့၊ ညနေပိုင်းက မုဒုံအခြေစိုက် အဘစ်တပ်ရင်းသို့ ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် တိုက်ပွဲထပ်မံဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။
ထိုကြောင့် တံခွန်တိုင်-ပုလိန်-အဘစ်ကားလမ်းပိုင်းတွင် သောင်တင်နေသည့် ယာဉ်အချို့ ရရာနည်းဖြင့် ဖြတ်သန်းသွားလာနေသော်လည်း နှစ်ဖက်စစ်ရေးမတည်ငြိမ်နေသဖြင့် လုံခြုံရေးအခြေအနေစိုးရိမ်ရကြောင်း တံခွန်တိုင်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

“အမှန်ဆို သွားလို့ မရသေးဘူး။ နှစ်ဖက်အဖွဲ့တွေက ဟိုနားဒီနားမှာ ရှိနေနိုင်သေးတယ်။ တော်လှန်ရေးအဖွဲ့ကလည်း သွားခွင့်မပေးသေးဘူး။ ကားသမားတွေကပဲ ဘာာတွေလောကိုလောမှန်း မသိဘူး၊ အရဲစွန့်ပြီးတော့ သွားနေကြတာတော့ရှိတယ်။” ဟု အထက်ပါ ဒေသခံက ပြောသည်။
ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့မွန်းလွဲပိုင်းတွင် ဆုတ်ခွာသွားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ရောက်ရှိလာသည့်သတင်းကြောင့် တံခွန်တိုင်-ပုလိန်-အဘစ်လမ်းပိုင်း သွားလာခွင့် ထပ်မံကန့်သတ်ခံထားရကြောင်းလည်း သိရသည်။
ထို့ကြောင့် လမ်းပိုင်းအား နားရေ၊ သေရေးမှလွှဲ၍ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန်နှင့် စစ်ရေးအခြေအနေ အနည်းဆုံး ၃ ရက်ခန့် ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။
မြေပြင် တော်လှန်ရေးတပ်နှင့် နီးစပ်သူက “မနေ့ကတော့ ကားတွေ အချိန်ပိုင်းသွားတယ်။ အခုလည်း သောင်တင်နေတဲ့ကားတွေထဲမှ သွားရဲတဲ့ ကားတွေဆို သွားကြတယ်။ သူတို့ပြန်ဆုတ်သွားပေမဲ့ အန္တရာယ်ရှိနိုင်သေးတယ်။ ဒီနေ့လည်း အခြေအနေကောင်းတုန်း ပိတ်မိနေတဲ့ကားတော်တော်များ ဆင်းသွားကြတယ်။ ဒါပေမဲ့ အဘစ်ဘက် မှာတော့ သူတို့က အင်အားအပြည့်ပဲ” ဟု ပြောသည်။
တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်ကျေးရွာတိုက်ပွဲကို အောက်တိုဘာ ၁၂ ရက်နေ့၊ ညနေပိုင်းက စတင်ဖြစ်ပွားချိန်မှစ၍ ပုလိန်ကျေးရွာတစ်ဝိုက် စစ်ကော်မရှင်ဘက်က လက်နက်ကြီးအပါအဝင် လေယာဉ်ဖြင့် ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။
တိုက်ပွဲအတွင်း ကျဉ်ထိမှန်မှုကြောင့် အရပ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့သလို မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကော်မရှင်ဘက်မှ တိုက်ပွဲဖြစ်စဉ်နှင့် နှစ်ဖက်ထိခိုက်သေဆုံးမှု အချက်အလက်များကို ယနေ့ချိန်အထိ ထုတ်ပြန်လာခြင်း မရှိသေးပေ။
တံခွန်တိုင်-ပုလိန်-အဘစ်ကားလမ်းပိုင်းသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်ပြီး တိုက်ပွဲကြောင့် ခရီးသည်များ နီးစပ်ရာရွာတွင် နားခိုနေရသည်။




