မွန်ပြည်နယ်၊ သထုံမြို့တွင် အမျိုးသမီးတစ်ဦး နေပူထဲ ဆိုင်ကယ်ဖြင့် သွားနေစဉ် သတိမေ့လဲကျရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က သထုံမြို့၊ လေယာဉ်ကွင်းလမ်းရှိ စားသောက်ဆိုင်အနီးတွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်စီးနင်းလာရာမှ ဆိုင်ကယ်ရပ်လိုက်ရာ မထိန်းနိုင်ဘဲ ပြုတ်ကျပြီး သတိလစ်သွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
သတိလစ်နေသည့်အမျိုးသမီးကို အနီးအနားရှိလူတို့က သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြရာ ဆေးရုံရောက်ပြီး သတိပြန်မလည်တော့ဘဲ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

“သူက မနက်ပိုင်းကတည်းက ခေါင်းကိုက်နေတယ်ဆိုပြီး သူ့ရဲ့အိမ်သားတွေကို ပြောခဲ့တယ်။ အဲဒါနဲ့ နေပူထဲ ဆိုင်ကယ်နဲ့ ထွက်လာတဲ့အချိန်မှာ အခုလို သတိလစ်မေ့မျောသွားရာကနေ သေဆုံးသွားတယ်” ဟု အထက်ပါ မြို့ခံက ဆိုသည်။
ထိုအမျိုးသမီးသည် သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၊ ဘုရားလမ်းတွင်နေထိုင်သော အသက် ၂၈ နှစ်ခန့် ရှိသည်ဟု သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့က မွန်ပြည်နယ်အတွင်း အမြင့်ဆုံး နေ့အပူချိန်မှာ ၃၆ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ချက်များအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနကလည်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန် မြင့်တက်နေပြီး အပြင်ထွက် သွားလာသူများ အထူးဂရုပြုကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အလွန်ပြင်းထန်သည့်အဆင့်သို့ ရောက်လာနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိနိုင်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ခန့်မှန်းထားသည်။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ မိုးခေါင်ခြင်း စသည့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။




