Homeသတင်းမလေးရှားမှ ပြန်ပို့ခံရပြီး နေရပ်ပြန်လည်ရောက်ရှိသူများ စစ်မှုထမ်း ခေါ်ဆောင်ခံရမည်ကို စိုးရိမ်နေရ

မလေးရှားမှ ပြန်ပို့ခံရပြီး နေရပ်ပြန်လည်ရောက်ရှိသူများ စစ်မှုထမ်း ခေါ်ဆောင်ခံရမည်ကို စိုးရိမ်နေရ

-

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးစခန်းများတွင် ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား ၁၅၀၀ ဝန်းကျင် နေရပ်ပြန်သို့ အသီးသီးပြန်လည်ရောက်ရှိလာသော်လည်း စစ်မှုထမ်း ဆင့်ခေါ်ခံရမည်ကို စိုးရိမ်နေကြရသည်ဟု  သိရသည်။

မလေးရှားမှ နေရပ်ပို့ဆောင်ခံရသူများကို တင်ဆောင်လာသည့် စစ်တပ်၏ ရေတပ်သင်္ဘော ၃ စင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့အပြင်ဘက်ရှိ အမှတ်(၃)ဆိပ်ခံတံတား သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီးနောက် ထိုနေ့တွင်ပင် မွန်ပြည်နယ်သို့ စတင်ရောက်ရှိလာသူများရှိသည်။

စစ်မှုထမ်းအသက်အရွယ်တွင် အကြုံးဝင်သူများဖြစ်သည့်အပြင် ပြန်လည်ပို့ဆောင်လွှဲပြောင်းရေးလုပ်ငန်းစဉ်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုယ်ရေးအချက်အလက်များကောက်ယူကာ UID ကတ် ( ခေါ် ) စမတ် ကတ်များကို ပြုလုပ်ပြီး စာရင်းရယူထားသဖြင့် စစ်မှုထမ်းဆင့်ခေါ်ခံရမည်ကို စိုးရိမ်နေကြောင်းလည်း ပြန်လည်ပို့ဆောင်ခံရသူနှင့် နီးစပ်သည့် မွန်ဒေသခံတစ်ဦးက ဆိုသည်။

 “အများစု အိမ်ပြန်ရောက်ကြပြီး။ ဒါပေမဲ့ အကုန်လုံးကို စမတ်ကတ်တွေ လုပ်ပေးလိုက်တာဆိုတော့ လူစာရင်းနဲ့ အချက်အလက်တွေက သူတို့လက်ထဲ အကုန်ပါသွားပြီ။ ဒါကြောင့် စစ်မှုထမ်းဖို့ အချိန်မရွေး လာခေါ်သွားနိုင်တယ်ဆိုပြီး စိုးရိမ်နေကြတယ်”ဟု ပြောသည်။

အောက်တိုဘာ ၄ ရက်နေ့မှစ၍ မွန်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူ ရေးမြိုန့ယ်မှ ၅၄ ဦး၊ ပေါင်မြို့နယ်မှ ၃၀ ဦး၊ ချောင်းဆုံမြို့နယ်မှ ၂၉ ဦး၊ မော်လမြိုင်မြို့နယ်မှ ၂၄ ဦး၊ ကျိုက်မရောမြို့နယ်မှ ၂၀ ဦး၊ မုဒုံမြို့နယ်မှ ၁၂ ဦး၊ သံဖြူဇရပ်မြို့နယ်မှ ၁၁ ဦး၊ ကျိုက်ထိုမြိုန့ယ်မှ ၇ ဦး၊ သထုံမြို့နယ်မှ ၆ ဦးနှင့် ဘီးလင်းမြို့နယ်မှ ၅ ဦး စုစုပေါင်း ၁၉၈ ဦးပါဝင်ကြောင်း စစ်ကော်မရှင် ပြန်ကြားရေးမှ အချက်အလက်များတွင် ဖော်ပြထားသည်။

သက်ဆိုင်ရာ မွန်ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့် မေးမြန်းချက်အရ  ရန်ကုန်ဆိပ်ကမ်းမှ မွန်ဒေသသို့ အားလုံးရောက်ရှိလာကြောင်းနှင့် နေအိမ်ရှိ မိသားစုဝင်များနှင့်အတူ ပုံမှန် အတိုင်း ပြန်လည်နေထိုင်နေကြပြီးဖြစ်သည်ဟုလည်း အထက်ပါသူက ပြောသည်။

“ခုလက်ရှိ ရွာထဲမှာပဲ အဆင်ပြေပြေရှိနေကြတာပေါ့နော်၊ စစ်မှုထမ်းဖို့တော့ ဘာမှမပြောသေးဘူး။ ခေါ်လည်း မခေါ်သေးဘူး။ ဘာမှ မလုပ်သေးဘူး။ ပုံမှန်အတိုင်းပဲ” ဟု ၎င်းက ဆိုသည်။

သို့သော် အခြားတိုင်းနှင့်ပြည်နယ်တွင် နေရပ်ပြန်ပို့ခံရသူများ ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့အထိ မိသားစုဝင်များနှင့် မတွေ့ဆုံရသေးသူများလည်း ရှိနေသည်။

မလေးရှားအစိုးရက ယခုအစီအစဉ်ကို “ဆန္ဒအလျောက် နေရပ်ပြန်ပို့ခြင်း” ဟု ဆိုထားသော်လည်း UNHCR အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ လက်ရှိ ပဋိပက္ခ အခြေအနေများကြောင့် ပြန်လည်ရောက်ရှိလာသူများ၏ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေရကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

လက်ရှိတွင်လည်း နောက်ထပ်ပြန်ပို့မည့် အစီအစဉ်များကို ရပ်တန့်ပေးရန် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့က မလေးရှားအစိုးရကို တောင်းဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts