Homeဆောင်းပါးသံသယနှင့် နေရသည့်ဘုရားသုံးဆူမြို့

သံသယနှင့် နေရသည့်ဘုရားသုံးဆူမြို့

-

နေသူရိန်၊ အမြင်နှင့် သုံးသပ်မှုဆောင်းပါး။

၂၀၂၄ ခုနှစ်ထဲက ဘုရားသုံးဆူဒေသအတွင်းသို့ စစ်ကော်မရှင်တပ်သားများ ပုံစံမျိုးစုံ နည်းလမ်းမျိုးစုံနှင့် ဝင်ရောက်လာကြပြီး ယခု ၂၀၂၆ ခုနှစ်တွင် စကစ အင်အား (၇၀၀) ခန့် ရောက်ရှိနေပြီးဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ချို့နှင့် ဆိုရှယ်မီဒီယာများက ရေးသားဖော်ပြနေကြသည်။ စစ်ကော်မရှင်၏ တပ်သားများသည် အိမ်ထောင်စုအလိုက်သော်လည်းကောင်း၊ ပုံမှန်အရပ်သားများအနေနှင့်သော်လည်းကောင်း ကြာအင်းဆိပ်ကြီးမြို့မှစ၍ ဘုရားသုံးဆူမြို့အထိ တော်လှန်ရေးအဖွဲ့၏ စစ်ဆေးရေး ကင်းစခန်းများကို ဖြတ်ကျော်ကာ တဖြည်းဖြည်းနှင့် ဝင်ရောက်လာခဲ့ကြသည်ဟုလည်း မီဒီယာများက ဖော်ပြနေကြသည်။

၂၀၂၂ – ၂၀၂၃ ခုနှစ်ကာလ ဘုရားသုံးဆူဒေသနှင့် ဘုရားသုံးဆူမြို့အား KNU နှင့် DKBA တို့က အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို အကြောင်းပြကာ သိမ်းပိုက်အုပ်ချုပ်လာခဲ့ကြသည်။ ထိုအချိန်ကတည်းက ဘုရားသုံးဆူမြို့ တောင်ဘက်ခြမ်းရှိ အရပ်သားအခေါ် (မူကြာထိပ်) ဘုရင့်နောင်ကုန်း (ဗျူဟာကုန်း) တွင် စစ်အစိုးရ၏ တပ်စခန်းအား ရုပ်သိမ်းထားခဲ့သော်လည်း ဘုရားသုံးဆူမြို့အလယ်ရှိ ပင်မတပ်ကုန်းနှင့် မြို့ပြင်ရှိ နဂါးတောင် လက်နက်ကြီးတပ်တို့တွင် စစ်အစိုးရ၏ တပ်စခန်း အခြေချခဲ့သည်မှာ ယခုထိတိုင်ပင်ဖြစ်သည်။  အင်အားနည်းပါးမှုကြောင့် ၎င်းစစ်တပ်များမှာ ဒေသလုံခြုံရေးယူထားသည့် DKBA နှင့် အလျှင်းသင့်ပေါင်းကာ လှုပ်ရှားမှုများ ပြုလုပ်ခြင်းမရှိဘဲ နေမြဲအတိုင်းတာ ယခုအချိန်ထိ စခန်းချနေထိုင်လျက်ရှိသည်။

ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ ဘုရားသုံးဆူမြို့အတွင်းသို့ ရောက်ရှိလာကြသော စစ်အစိုးရ၏ တပ်ဖွဲ့ဝင်များသည် လုံခြုံရေးယူထားသည့် DKBA တပ်ဖွဲ့နှင့် ပူးပေါင်းကာ နယ်စပ်ချက်ပွိုင့်ဂိတ်တွင် ၎င်းရဲစခန်းအနီးရှိ DKBA စစ်ဆေးရေးနှင့် အကောက်ခွန်ဂိတ်များတွင်လည်းကောင်း မြို့တွင်းရှိ စစ်ဆေးရေးနှင့် အကောက်ခွန်ဂိတ်တို့တွင်လည်းကောင်း ပူးတွဲနေထိုင်လျက်ရှိပြီး တစ်ချို့ထံမှာ ပင်မတပ်ကုန်းနှင့် မြို့ပြင် နဂါး တောင်လက်နက်ကြီးစခန်းတွင် အင်အားဖြည့်တင်းထားလျက်ရှိကြောင်းကိုလည်း ဖော်ပြနေကြလျက် ရှိသည်။ ၎င်းသတင်း မှန်ကန်မှု ရှိ၊ မရှိကို အတည်ပြုဆုံးဖြတ်၍ မရသေးပေ။ ယခုလက်ရှိအချိန်ထိ ဘုရားသုံးဆူဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်နေလျက်ရှိပြီး ရောင်းဝယ်ဖောက်ကားသူများနှင့် ခရီးသွားများ အန္တရာယ်ကင်းစွာဖြင့် သွားလာနေကြဆဲပင် ဖြစ်သည်။ 

စစ်အစိုးရကလည်း ၂၀၂၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၆ ခုနှစ်တွင် တစ်ကြိမ် ဘုရားသုံးဆူနယ်စပ်ဒေသအား ၎င်းတို့ကို ပြန်လည်အပ်နှံရန် တောင်းဆိုခဲ့သော်လည်း DKBA ကလိုတူးဘော် ဗျူဟာအမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောအေဝမ်းက စစ်ကော်မရှင်အား ငွေအမြောက်အများပေးကာ လာဘ်ထိုးနှစ်သိပ်ခဲ့ခြင်းကြောင့် ဘုရားသုံးဆူဒေသသည် ယခုအချိန်အထိ စစ်အေးနယ်မြေအဖြစ် ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ထင်ကြေးဖြင့် ဝေဖန်သုံးသပ်နေမှုများလည်း ရှိနေသည်။ သို့သော် မိုးနဲ့ နွားသိုး အစိုးမရသလို ထင်တိုင်းကြဲတတ်သည့် စစ်အစိုးရကိုလည်း ယုံကြည်မှုရရှိရန် ခက်ခဲသည်ဟု သုံးသပ်မှုများက ရှိနေပြန်သည်။ ဘုရားသုံးဆူဒေသ၏ စစ်မက်ရေးရာနှင့် လုံခြုံမှု အခြေအနေများမှာ ၅၀/၅၀ ပင်ဖြစ်သည်ဟုလည်း စစ်ရေးသုံးသပ်သူများကလည်း ပြောဆိုဝေဖန် နေကြသည်။ 

ထိုကဲ့သို့သော အခြေအနေများကြောင့်လည်း စိုးရိမ်စိတ် လွန်ကဲနေကြသည့် ငွေကြေးရှိသူတစ်ချို့သည် ထိုင်းဘက်ခြမ်းရှိ တန်လျားအခန်းများ လုံချင်းအိမ်များကို ငှားရမ်းကာ စစ်ရေးအခြေအနေ တင်းမာလာသည်နှင့် အဆင်သင့် ပြောင်းရွှေ့နေထိုင်နိုင်ရန် စီစဉ်ထားမှုများလည်း ရှိနေသည်။ တစ်ဝမ်းတစ်ခါ စားသောက်နေနိုင်ရေးအတွက် နိစ္စဓူဝ ရုန်းကန်လှုပ်ရှားနေကြရသည့် အခြေခံလူတန်းစားများအနေနှင့်ကတော့ ၎င်းအခြေအနေများကို စိတ်ဝင်စားနိုင်ခြင်းမရှိဘဲ လျစ်လျူရှုကာ နေလာခဲ့ကြသည်။ “ဖြစ်ချင်တာ ဖြစ်ပေါ့ ပြေးစရာမြေမရှိ ပေးစရာငွေမရှိတဲ့ ကျွန်တော်တို့ဘဝတွေက မိသားစုစားဝတ်နေရေးကလွဲပြီး ဘာကိုမှ ဂရုမစိုက်နိုင်ပါဘူး။ ဖြစ်လာလို့ရှိလျှင်လည်း ကံတရားကိုဘဲ ယုံကြည်အားကိုးရတော့ မှာပေါ့” ဟု လက်လုပ်လက်စား ပန်ရံလုပ်သားတစ်ဦးက ပြောသည်။

ပြည်တွင်းနှင့် နယ်စပ်ဒေသကို ကုန်သွယ်ရောင်းဝယ်နေသူတစ်ဦးကလည်း “ဒီလိုအခြေအနေတွေကို ကြားနေရတာတော့ ကြာပါပြီး။ စိုးရိမ်မှုတော့ ရှိတာပေါ့၊ တကယ်ဖြစ်လာခဲ့လျှင်လည်း ဘေးလွတ်ရာကိုတော့ ရှောင်ရမှာပေါ့။ ယခုအချိန်အထိ ဂိတ်တွေမှာ DKBA စစ်သားတွေဘဲ တွေ့ပါတယ်။ DKBA ရဲ့ ဝတ်စုံတွေနဲ့ဘဲ တွေ့ပါတယ်။ ဗမာစစ်သားဆိုတာကတော့ တဆိပ်ကပ်ထားတာမဟုတ်တော့ ကျွန်တော်တို့ မသိနိုင်ဘူးလေ။ KNU ဂိတ်နဲ့ DKBA ဂိတ်တွေမှာတော့ ကရင်လက်နက်ကိုင်တွေဘဲ တွေ့နေရတာဘဲ။ ဘယ်ဟာက ဗမာစစ်သားလည်းဆိုတာတော့ ခွဲခြားလို့မတတ်ပါဘူး။ ဂိတ်ရောက်လျှင် သူတို့တောင်းသလောက် ပေးလိုက်ရတာဘဲ” ဟု ပြောသည်။

မရေရာ မသေချာသော သတင်းများပေါ်မူတည်၍ KNU နှင့် နီးစပ်သူတစ်ဦးကလည်း ဤကဲ့သို့ ပြောသည်။ “ကျွန်တော်တို့လည်း ကြားနေရတာတော့ ကြာပါပြီး။ ဒါပေမယ့် ဗမာစစ်သားတွေက DKBA နှင့် ရောပြီး နေတယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်ဘူး။ ဖြစ်နိုင်ချေရှိသလို မဖြစ်နိုင်ဘူးလို့လည်း ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနယ်မြေက KNU အုပ်ချုပ်တဲ့ နယ်မြေလေ။ သတင်းတွေက ပြောသလို ဗမာစစ်သားတွေ ဒီမြို့ထဲကို ရောင်နေပြီးဆိုရင်တော့ KNU ရဲ့ လက်အောက်မှာဘဲ ရှိနေတဲ့အတွက် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကိုတော့ ပြောရခက်တယ်” ဟု ပြောသည်။

သတင်းမီဒီယာများက မည်သို့ပင်ဆိုနေစေကာမူ ဘုရားသုံးဆူဒေသနှင့် ဘုရားသုံးဆူမြို့ပေါ်ရှိ KNU နှင့် DKBA တပ်ဖွဲ့များကတော့ အခြေအနေမပျက်ဘဲ သွားလာလှုပ်ရှားနေလျက်ရှိသည်။ ခရီးသွားယာဉ်များနှင့် ကုန်သည်ယာဉ်များအား စစ်ဆေးခြင်းနှင့် အခွန်အကောက်ကောက်ခံခြင်းတို့ကိုလည်း ပုံမှန်လုပ် ဆောင်နေကြလျက်ရှိသည်။ “DKBA ကတော့ မြို့ထဲ၊ မြို့ပြင်တွေမှာ ပုံမှန်သွားလာနေကြတာပဲလေ။ စစ်ဆေးရေးဂိတ် အခွန်အကောက်တွေ၊ မြို့တွင်း အခွန်အကောက်တွေကိုလည်း ပုံမှန်ကောက်ခံနေကြတာဘဲ။ ခရီးသွားတွေ ကုန်သည်တွေကလည်း ပုံမှန်သွားလာရောင်းဝယ်နေကြတယ်။ ယခုလက်ရှိမှာတော့ ဘာပြဿနာ တစ်စုံတစ်ခုမှ ဖြစ်မလာသေးတော့ ဘုရားသုံးဆူဒေသရဲ့ အခြေအနေက သုံးသပ်ရခက်တယ်” ဟု လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

သတင်းမီဒီယာတွေရဲ့ ဖာင်ပွမှုကတစ်မျိုး ဆိုရှယ်မီဒီယာတွေက တစ်ဖုံနှင့် ဘုရားသုံးဆူမြို့၏ စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး သတင်းမီဒီယာ၊ ဆိုရှယ်မီဒီယာများတွင် မျိုးစုံ ရေးသားဖော်ပြနေကြသည့် ကြားကာလတွင်တော့ ဘုရားသုံးဆူဒေသ၏ စီးပွားရေးကဏ္ဍာနှင့် ရောင်းဝယ်ဖောက်ကားမှုများသည် နေ့စဉ် ပုံမှန်စီးဆင်းလျက်ရှိနေသည်ကိုလည်း တွေ့မြင်နေရပေသည်။ နယ်စပ်မှ ပြည်တွင်းသို့ ပြည်တွင်းမှ နယ်စပ်သို့ ခရီးသည်တင်ယာဉ် ကုန်တင်ယာဉ်များမှာလည်း‌ နေ့စဉ် ပြေးဆွဲနေကြလျက် ရှိသည်။ သို့သော်လည်း နေရာဒေသပေါင်းစုံမှ လူမျိုးပေါင်းစုံ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ စုဝေးနေသည့် သံသယဖြစ်ဖွယ်သတင်းများကြောင့် “သံသယနှင့် နေရသည့် ဘုရားသုံးဆူမြို့” အဖြစ်နှင့်သာ သုံးသပ်တင်ပြလိုက်ရပါသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts