မိုးကြက်သွန်အသစ်မပေါ်မီ ကြက်သွန်နီဈေး ဆက်တိုက်မြင့်တက်လာပြီး မွန်ပြည်နယ် ကုန်စည်ဒိုင် လက်လီဈေးကွက်များတွင် တစ်ပိဿာ ကျပ် ၁၀,၀၀၀ အထိ ဈေးနှုန်းအမြင့်ဆုံး ရောက်ရှိလာနေကြောင်း ကုန်စုံဆိုင်နှင့် ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
ပြည်တွင်းတွင် ကြက်သွန် လက်ကျန်နည်းလာပြီး ကုန်စည်ဒိုင်များသို့ ကုန်အဝင်နည်းလာခြင်း၊ ကုန်အဝင်နည်းပြီး ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားများခြင်း စသည့် အခြေအနေများကြောင့် ဈေးနှုန်း ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်က တစ်ဿာကို ၇၀၀၀ ကျပ်ဝန်းကျင်မှ လကုန်ပိုင်းမှစတင်ပြီး တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိ ဆက်တိုက်ဈေးမြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု မုဒုံမြို့နယ်မှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ဒီအပတ်ထဲမှာပဲ ကြက်သွန်နီဈေးက တော်တော်တက်သွားတယ်။ အရင်ကတော့ တစ်ပိဿာကို ၇၀၀၀ နဲ့ ရောင်းတယ်။ အခုက တစ်သောင်းဆိုတော့၊ ၃၀၀၀ ပိုတက်သွားတာပေါ့။ ဈေးတက် သွားတာက ဒီကြားရက်ထဲမှာပဲ။ တစ်ချို့နေရာဆို တစ်သောင်းကျော်တယ်။” ဟု ၎င်းက ပြောသည်။
မိုးကြက်သွန်အသစ်များသည် လာမည့် အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းပိုင်းတွင်မှ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာမည် ဖြစ်သဖြင့် နွေကြက်သွန်ဈေးသည် အတက်တွင်သာ ဆက်ရှိနိုင်ကြောင်း ဆိုသည်။
ကြက်သွန်နီသည် နေ့စဉ် ချက်ပြုတ်စားသုံးရာမှာ မရှိမဖြစ်အသုံးပြုရသည့် အခြေခံစားသောက်ကုန် တစ်မျိုးဖြစ်ခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာမှုသည် အိမ်ထောင်စုစားဝတ်နေရေး စရိတ်အပေါ် တိုက်ရိုက်သက် ရောက်နေသည်ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။
“အရင်က ကြက်သွန်နီကို အိတ်အလိုက်ဝယ်တာလေ။ အခုက အရင်လို မဝယ်နိုင်တော့ဘူး။ ဒီလို ဈေးတက်တာက မမြင်ဖူးဘူး။ အခုက ပိဿာတောင် မဝယ်နိုင်ချင်တော့ဘူး။ နည်းနည်းစီပဲ ဝယ်နိုင်တယ်။ မဝယ်လို့လည်း မရပြန်ဘူး၊ နေ့စဉ် ချက်ပြုတ်နေရတယ်ဆိုတော့လေ။ မီးဖိုချောင်စရိတ်ကတော့ ပိုကုန်လာပြန်ပေါ့” ဟု အထက်ပါ အိမ်ရှင်မက ပြောသည်။
ကြက်သွန်နီကို မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသဖြစ်သည့် ပခုက္ကူ၊ မုံရွာ၊ တောင်သာ၊ ရေစကြိုနှင့် ဆိပ်ဖြူမြို့နယ်တို့တွင်သာ အဓိက စိုက်ပျိုးနေကြပြီး မွန်ပြည်နယ်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်ဘက်သို့ တင်ပို့ရောင်းချပေးနေခြင်း ဖြစ်သည်။
လက်ရှိကုန်စည်ဒိုင်များတွင် လက်ကားအရောင်းသွက်ပြီး လက်လီပုံမှန်အရောင်းအဝယ်သား ရှိနေကြောင်းလည်း ကုန်စည်ဒိုင်လူမှုကွန်ရက်စာမျက်နှာများမှ သိရသည်။
ယခင်နှစ်က ကြက်သွန်နီတစ်ပိဿာကို ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်သာ ရရှိခဲ့သည့်အတွက် ကြက်သွန်စိုက်တောင်သူများက အရှုံးပေါ်ခဲ့ကြသည်။
ထိုကြောင့် ယခုနှစ်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုကို တောင်သူတို့က စိုက်ဧကလျော့ချခဲ့သည့်အပြင် ပြည်ပဝယ်လိုအား ကောင်းလာခြင်းကြောင့် ပြည်တွင်းကြက်သွန်နီဈေးနှုန်းများ ယခုလို စံချိန်တင် ဈေးနှုန်းမြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု ကုန်စည်ဒိုင်များက လူမှုကွန်ရက်တွင် သုံးသပ်ပြောဆိုနေကြသည်။




