Homeသတင်းတော်လှန်ရေးတပ်ဖွဲ့နှင့် ရေးဘီလူးအဖွဲ့အမည်ခံထားသူများထံ အသေးစားလုပ်ငန်းရှင်များ ငွေကြေးတောင်းခံနေရ

တော်လှန်ရေးတပ်ဖွဲ့နှင့် ရေးဘီလူးအဖွဲ့အမည်ခံထားသူများထံ အသေးစားလုပ်ငန်းရှင်များ ငွေကြေးတောင်းခံနေရ

-

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ခြေမှုန်းရေးအတွက် တိုက်ပွဲဝင်နေသော တပ်ဖွဲ့နှင့် ရေးဘီလူးအဖွဲ့အမည်ခံထားသူများမှ အသေးစားလုပ်ငန်းရှင်များထံ ငွေကြေးတောင်းမှုလုပ်ဆောင်နေကြောင်း ရေးဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အထူးသဖြင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို လူထုထံ ဖြန့်ဝေထားသည့် အသေးစားလုပ်ငန်းများအား ပစ်မှတ်ထားပြီး ဖုန်းခေါ်ဆိုခြင်း၊ Viber၊ Telegram ၊ messager အစရှိသည့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် စာပေးပို့၍ ငွေကြေးတောင်းခံနေရကြောင်း သိရသည်။

ငွေကြေးတောင်းခံရာတွင် ၎င်းတို့ကိုယ်တိုင် ရေးဘီလူးအဖွဲ့မှဖြစ်ကြောင်း ပြောဆိုလေ့ရှိပြီး မည်သည့်တော်လှန်ရေးအဖွဲ့၏ အမှတ်တံဆိပ်ဖြစ်သည်ကို အတည်မပြုနိုင်သည့်  ဖြတ်ပိုင်းဂုဏ်ပြုလွှာများကို  ပေးပို့လေ့ရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူနှင့် နီးစပ်သည့် ရေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရေးဒေသခံတစ်ဦးက “ ခဏခဏ အတောင်းခံနေရတာ။ ဟိုနေ့ကပဲ ကျနော်အသိတစ်ယောက်ထိသွားတယ် တော်သေးတယ် သူများနဲ့ တိုင်ပင်လိုက်လို့ ပိုက်ဆံမပါသွားတာ Viber ကနေ စာလာပို့တာ သိန်း ၁၀၀ တောင်းတယ် ပိုက်ဆံမရှိဘူးပြောတာ သိန်း ၃၀ လဲရတယ်တဲ့ ရေးဘီလူးအဖွဲ့ကပြောပြီး ပြထားတဲ့တံဆိပ်က ရေးဘီလူးတံဆိပ်မဟုတ်ဘူး။ အဲ့ကြောင့် သိသွားတာ အစက စိုးရိမ်နေကြတယ် မပေးရင် အန္တရယ်ပေးမှာကို ကြောက်နေကြတာ။ ” ဟု ပြောသည်။

အသေးစားလုပ်ငန်းရှင်များဖြစ်သည့် သောက်ရေသန့်ဖြန့်ဝေရေးလုပ်ငန်းများ၊  အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများ အရောင်းအဝယ်လုပ်ကိုင်သူအချို့ထံတွင်လည်း ငွေကြေးလိမ်လည်တောင်းခံရသည့် ဖြစ်ရပ်များ ရှိနေသည်။

ထို့ကြောင့် မည်သည့်အကြောင်းပြချက်ဖြင့် ငွေကြေးတောင်းခံလာသည်ကို  မယုံကြည်ရန်၊ ငွေပေးချေခြင်းမပြုကြရန်နှင့် အဖွဲ့အစည်း၏ တရားဝင်တာဝန်ရှိသူများထံသို့ ပြန်လည်အတည်ပြု စုံစမ်းကြရန်လည်း ဒေသခံက တိုက်တွန်းထားသည်။

ရေးဘီလူးဘက်မှလည်း ၎င်းတို့၏ အမည်၊ အမှတ်တံဆိပ်အပြင် အဖွဲ့အစည်းနှင့် သက်ဆိုင်သူများ၏ အမည်များကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များထံမှ ငွေကြေးများ လိမ်လည်တောင်းခံမှုများရှိနေကြောင်းလည်း ထုတ်ပြန်ထားသည်။

၎င်းတို့၏ အမည်နှင့် ဂုဏ်သိက္ခာကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးလိမ်လည်တောင်းခံနေမှုများကို ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် ရေးဘီလူးအဖွဲ့အစည်း၏ အမည်နှင့် ဂုဏ်သိက္ခာကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးအတွက် ငွေကြေးလိမ်လည်တောင်းခံသူ မည်သူ့ကိုမဆို ပြင်းထန်စွာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts