တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် တော်လှန်ရေးအဖွဲ့နှင့် စစ်တပ်အကြား တိုက်ပွဲအဖြစ်များဆုံး ဒေသဖြစ်သည့်အတွက် ရေကြီး၊မြေပြိုမှုနောက်ပိုင်း မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းကျန်များကို ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံများ သတိပြုရန် လိုအပ်နေကြောင်း သိရသည်။
လတ်တလောတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းမရှိတော့သဖြင့် အချို့ဒေသတွင် ရေအနည်းငယ် ပြန်ကျဆင်းလာသော်လည်း ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှု ဆက်လက်ဖြစ်ပွားနေသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်နေဆဲဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များ အခြေစိုက်စိုးမိုးရာ ဒေသဖြစ်သည့်အပြင် ရေကြီး၊ မြေပြိုမှုကြောင့် မြေသားများ ရွေ့လျားခြင်းနှင့် ရေစီးကြောင်းများ ပြောင်းလဲခြင်းတို့ကြောင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများ ရေစီးနှင့်အတူ ရွေ့လျားနိုင်ပြီး ပေါက်ကွဲနိုင်ခြေကို သတိပြုရမည်ဟု မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“စစ်လက်နက်အကြွင်းအကျန် တူးဖော်ရရှိတာမျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့ တောင်ပြိုမှု အများဆုံး ဖြစ်ပွားတဲ့ လောင်းလုံးမှာက တိုက်ပွဲ အမြဲတမ်း ဖြစ်ပွားရာဒေသဖြစ်တယ်။ တော်လှန်ရေးအဖွဲ့တွေ အခြေစိုက်ရာဒေသဆိုတော့ ဒီအန္တရာယ် ကြိုတင်သတိပေးရတာပါ။ တောင်ပြိုမှုကလည်း ဆက်ပြီး ရှိနေနိုင်တာပေါ့နော်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရေကျပြီးနောက် လမ်းများ၊ ခြံဝင်းနှင့် လယ်ယာများအတွင်း မရင်းနှီးသော သံထည် သို့မဟုတ် သံသယဖြစ်ဖွယ် ပစ္စည်းများကို တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်းနှင့် ဖယ်ရှားခြင်းများ မပြုလုပ်ကြရန် ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) ကလည်း သတိပေးထားသည်။
အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ပထမအပတ်မှစ၍ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် တနင်္သာရီတိုင်းအတွင်းရှိ လောင်းလုံး၊ သရက်ချောင်းနှင့် ပုလောမြို့နယ်တို့ကို တစ်ကျော့ပြန် စစ်ကြောင်းထိုးနေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။
လောင်းလုံးမြို့နယ်အတွင်း လက်ရှိတွင် ကျေးရွာ ၂၀ ကျော်၌ လမ်းတံတားများ ပျက်စီးသွားပြီး ရေကြီးမြေပြိုထားသည့် ဘေးဒဏ်ကြောင့် သန့်ရှင်းသော သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများသည် လတ်တလော အဓိက အရေးကြီးဆုံး လိုအပ်ချက်များ ဖြစ်နေသည်။
လောင်းလုံးမြို့ခံ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက “လိုအပ်ဆုံးက စားနပ်ရိက္ခာနဲ့ သောက်သုံးရေပါ။ တောင်လည်းပြို၊ ရေလည်းကြီးတယ်ဆိုတော့ ရေသန့်နဲ့ပဲ သုံးနေရတယ်။ အခုဆိုရင် စက်ယန္တရားကြီးတွေ လိုအပ်တယ်။ အဲဒါနဲ့ ရှင်းလင်းမှ အဆင်ပြေမှာပါ။ အချို့ စက်ယန္တရားတွေလည်း ပျက်နေတဲ့ အနေအထားရှိတယ်။ မြေတင်ကား ကားကြီးတွေလည်း လိုတယ်” ဟု ပြောသည်။
ထားဝယ်ဒေသ ရေကြီးမြေပြိုမှုကပ်ဘေးအတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မြိတ်ခရိုင်တို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့များ စက်တင်ဘာ ၂၉ ရက်နေ့တွင် ရောက်ရှိလာကြပြီး ယနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတို့မှ အဖွဲ့များက လာရောက်ကူညီမှုများ ပြုလုပ်ကြမည်ဟု သိရသည်။
လောင်းလုံးမြို့နယ်တွင် ရေကြီးတောင်ပြိုမှုကြောင့် ဒေသခံ ၂၂ ဦး သေဆုံးခဲ့ရသည့်အပြင် ထိခိုက်ဒဏ်ရာရသူများလည်းရှိကာ နေအိမ် စုစုပေါင်း ၃၁၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) ၏ အချက်အလက်များအရ သိရသည်။




