မွန်-တနင်္သာရီ ကမ်းရိုးတမ်းရှိ မုန်တိုင်းငယ်သည် မုတ္တမကွေ့အနီးဖြတ်ကျော်နိုင်သဖြင့် မိုးလေဝသနှင့် ဇလဗေဒမှ အနီရောင်အဆင့်သို့ သတ်မှတ်ကြောင်း ထုတ်ပြန်သည်။
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံ၏ မုတ္တမကွေ့အနီး ဖြတ်ကျော်နိုင်သဖြင့် အနီရောင်အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

နောက် ၄၈ နာရီ(၂)ရက်အတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိပြီး ရန်ကုန်တိုင်း၊ သုံးခွမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ကြားဖြတ်ကျော်ရာမှ ပဲခူးနှင့် မကွေးတိုင်းဒေသသို့ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။
မုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် မုတ္တမကမ်းရိုးတမ်းဒေသနေထိုင်သူများ မိုးသည်းထန်ရွာသွန်းခြင်း၊ရုတ်တရက်မြေပြိုခြင်းနှင့် ရေကြီးခြင်း စသည့် သဘာဝဘေးများသတိရှိရန်နှင့် ကြိုတင်ရှောင်ရှားရန်တိုက်တွန်းထားသည်။
လက်ရှိ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသတွင် စက်တင်ဘာ ၂၄ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းကာ ထားဝယ်၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်ရှိ ရေကြီး၊ တောင်ပြိုမှုဖြစ်ပြီး သေဆုံးသူ ၁၃ ဦးရှိပြီး ၃၀ ကျော် ပျောက်ဆုံးနေကြောင်းသိရသည်။
မိုးလေဝသနှင့် ဇလဗေဒမှ ယနေ့မွန်းလွဲပိုင်း ထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သိပေးချက်ကြောင့် မွန်ပြည်နယ် လူမှုကူညီရေး၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံပြည်သူအချို့ ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်းသိရသည်။



