စစ်အုပ်စုက စစ်မှုထမ်းအတွက် လူအင်အားစုဆောင်းမှုများ ပြုလုပ်လာသည်မှာ အချိန်ကာလတစ်ခု ကြာမြင့်လာပြီး လက်ရှိတွင် ယခင်ထက် အခြေအနေ ပိုမိုပြင်းထန်လာနေသည်။ အထူးသဖြင့် မွန်ပြည်နယ်အတွင်း လူငယ်များကို ညအချိန်အိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးခြင်း၊ လမ်းပေါ်နှင့် စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခြင်း၊ အလုပ်ခွင်များတွင် ဖမ်းဆီးခြင်း စသည့် ဖြစ်စဉ်များ ဆက်တိုက်ပေါ်ပေါက်နေသည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုသည်။
မွန်ပြည်နယ်တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို စစ်ဆေးဖမ်းဆီးမှုများ တိုးလာနေပြီး မော်လမြိုင်၊ ပေါင်၊ သထုံ၊ မုဒုံ၊ သံဖြူဇရပ် အစရှိသည့် မြို့နယ်များတွင် ညပိုင်းဖမ်းဆီးမှုများရှိနေသည်။ ထိုဖမ်းဆီးခံရသူများထဲတွင် ကျောင်းသားများလည်း ပါဝင်ပြီး မိသားစု၏ ညှိနှိုင်းမှုဖြင့် ပြန်လွတ်လာသည့်ဖြစ်စဉ်များလည်း ရှိသည်။
စစ်မှုထမ်းရန် လူအင်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လူငယ်များကို မည်သည့်နည်းလမ်းနှင့်မဆို ဖမ်းဆီးစုဆောင်းနေသည့် အခြေအနေသို့ ရောက်ရှိနေပြီလားဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ စစ်မှုထမ်းအသက်အရွယ်ရှိသူတစ်ဦးသည် မိမိအိမ်မှ ထွက်လာခြင်း၊ အလုပ်သွားခြင်း၊ လမ်းပေါ်သွားလာခြင်းပင်လျှင် ဖမ်းဆီးခံရနိုင်သည့် အခြေအနေမျိုးကို ရင်ဆိုင်နေရသည်။

ထိုအခြေအနေသည် လူငယ်တစ်ဦးချင်းစီ၏ ဘဝကိုသာ ထိခိုက်စေခြင်းမဟုတ်ဘဲ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအပေါ်ပါ သက်ရောက်မှုရှိလာသည်။ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ လူငယ်များ နေအိမ်တွင် ပုန်းရှောင်နေရခြင်း၊ အလုပ်နှင့် ပညာရေးကို စွန့်လွှတ်ရခြင်း၊ အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ရခြင်းများ ဖြစ်ပေါ်နေသည်။
ပိုပြီးစိုးရိမ်စရာကောင်းသည်မှာ ငွေကြေးနှင့် လူဖမ်းဆီးမှုတို့ ဆက်စပ်လာနေခြင်းပင် ဖြစ်သည်။ မွန်ပြည်နယ်အတွင်း ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် မိသားစုများထံ ကျပ်သိန်းရာနှင့်ချီသည့် ငွေကြေးတောင်းခံမှုများ ရှိနေသည်ကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM က ရေးသားဖော်ပြထားသည်။ ထိုအခြေအနေသည် စစ်မှုထမ်းရေးလုပ်ငန်းစဉ်အတွင်း လူငယ်များ၏ လုံခြုံရေးနှင့် မိသားစုများ၏ စီးပွားရေးဘဝကို တစ်ပြိုင်နက်တည်း ဖိအားပေးနေခြင်း ဖြစ်သည်။
စစ်တပ်က စစ်မှုထမ်းရန် လူအင်အားရရှိရေးအတွက် ပြည်သူများ၏ လုံခြုံရေး၊ လွတ်လပ်စွာသွားလာခွင့်နှင့် နေ့စဉ်ဘဝကို အန္တရာယ်ဖြစ်စေသည့်အပြင် လူငယ်များကို မိမိတို့နေထိုင်ရာ အသိုင်းအဝိုင်းများမှ ထွက်ခွာရန် တွန်းပို့နေသလိုဖြစ်နေသည်။
စစ်မှုထမ်းအတွက် လူတစ်ဦးကို လမ်းပေါ်တွင် ဖမ်းဆီးနိုင်ခြင်း၊ အိမ်ထဲဝင်၍ ဆွဲထုတ်နိုင်ခြင်း၊ ကျောင်းသားများပင် လုံခြုံစိတ်ချစွာ သွားလာခွင့်မရှိတော့ခြင်းမျိုး ဖြစ်လာနေပြီး မိဘများအတွက်လည်း သားသမီးများ ကျောင်းသွားခြင်း၊ အလုပ်သွားခြင်း၊ ခရီးထွက်ခြင်းတိုင်းကို စိုးရိမ်နေရသည့် အခြေအနေ ဖြစ်လာသည်။
လူငယ်များကို လိုက်လံဖမ်းဆီးသည့် ဖြစ်စဉ်များကို သာမန် စစ်မှုထမ်းခေါ်ယူရေးအဖြစ်သာ မမြင်သင့်တော့ဘဲ လူငယ်တစ်ဦး၏ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်နှင့် မိသားစုတစ်စု၏ လုံခြုံရေးကို ထိခိုက်စေသည့် အခြေအနေအထိ ရောက်ရှိနေပြီဖြစ်သည်။
ထိုသို့ လူငယ်များကို စစ်မှုထမ်းရေးအကြောင်းပြ၍ ဖမ်းဆီးမှုများ တိုးလာနေချိန်တွင် မွန်ပြည်နယ်အတွင်း ပြည်သူများကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကိုလည်း မေးခွန်းထုတ်ရမည် ဖြစ်သည်။ ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်သည် ပြည်သူများ အခက်အခဲကြုံတွေ့နေရချိန်တွင် ထိုအခက်အခဲများကို ထုတ်ဖော်ပြောဆိုပေးရန်နှင့် ပြည်သူများ၏ အသံကို ကိုယ်စားပြုရန်လည်း တာဝန်ရှိသည်။
ပြည်သူများ၏ နေ့စဉ်ဘဝ၊ လုံခြုံရေးနှင့် လူငယ်များ၏ အနာဂတ်ကို တိုက်ရိုက်ထိခိုက်နေသည့် အဆိုပါဖြစ်စဉ်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မည်သို့ သိရှိစောင့်ကြည့်နေကြသနည်း၊ ပြည်သူများ၏ စိုးရိမ်မှုများကို မည်သို့ ကိုယ်စားပြုဖော်ပြပေးနေကြသနည်း၊ လူငယ်များ ဖမ်းဆီးခံရမှုများအပေါ် မည်သည့်နည်းလမ်းဖြင့် တုံ့ပြန်ဆောင်ရွက်နေကြသနည်းဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။




