မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် မွန်လူငယ် မင်းဝင်မွန် အသက်ဆုံးရှုံးရခြင်းအပေါ် မွန်အင်အားစု၊ လူမျိုး၊ ဒေသနှင့် အနာဂတ် ခေါင်းဆောင်နေရာအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်စေသည် တိုးတက်သောမွန်လူငယ်များအစည်းအရုံး MYPO မှ သဝဏ်လွှာ ပေးပို့ ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလ ၁၅ နှင့် ၁၆ ရက်နေ့တွင် စစ်တပ်မှ ရေးချောင်းဖျား ဒေသအတွင်း ရည်ရွယ်ချက်ရှိရှိ ဖလံချောင်းဝနှင့် ချဲတိုက်ရွာရှိ နေအိမ်အဆောက်အအုံ၊ ဆေးပေးခန်းနှင့် အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုအတွင်း အဆောက်အအုံနှင့် ဥယျာဉ်ခြံမြေ အများအပြား ဆုံးရှုံးခဲ့ရပြီး အရပ်သား ၃ ဦး ပွဲချင်းသေခဲ့ရပြီး မိသားစုထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုမှ ဒဏ်ရာ ပြင်းထန်ရရှိခဲ့သည့် ချဲတိုက်ဒေသခံ မင်းဝင်မွန်သည် ရန်ကုန်ဆေးရုံသို့ ကုသမှုခံယူနေစဉ်အတွင်း နိုဝင်ဘာ ၂၁ ရက်နေ့က အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

လူငယ်ခေါင်းဆောင်မှုနှင့် နိုင်ငံရေးကို စိတ်ဝင်တစား ပါဝင်လှုပ်ရှားခဲ့ရုံသာမက ရပ်ရွာအတွင်း ဒေသဖွံ့ဖြိုးရေးနှင့် မွန်လူငယ်အရေး လှုပ်ရှားမှုများတွင်လည်း ရိုးသားတက်ကြွစွာ တာဝန်သိတတ်သောသူတစ်ဦးလည်း ဖြစ်သည့်အတွက် မိသားစုနှင့်ထပ်တူ ကြီးမားသော ဝမ်းနည်းဆုံးရှုံးမှုဖြစ်စေကြောင်း MYPO မှ ထုတ်ပြန်ထားသည်။
ပွင့်ဖူးဆဲ လူငယ်မျိုးဆက် ပန်းတစ်ပွင့် ကြွေလွင့်ခဲ့ရခြင်းသည် မွန်အင်အားစု၊ လူမျိုး၊ ဒေသနှင့် အနာဂတ် ခေါင်းဆောင်တစ်ဦး ဆုံးရှုံးသကဲ့သို့ ကြီးမားသော ဆုံးရှုံးမှုကြီးဟုလည်း ဆိုသည်။
မွန်လူငယ်တစ်ဦးက “သူနဲ့ပေါင်းရတာ အရမ်းကံကောင်းတယ်။ စိတ်ထားလည်း ကောင်းတယ်။ မွန်အဖွဲ့အစည်းတွေ ပေးတဲ့ သင်တန်းတွေမှာ သူပါဝင်လေ့ရှိတယ်။ ရည်ရွယ်ချက်ပန်းတိုင်ရှိရှိနဲ့ ရှင်သန်နေတဲ့ သူငယ်ချင်းတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးလိုက်ရတာ ပြောပြမတတ်အောင် နှမြောမိတယ်” ဟု ဆိုသည်။
MYPO အနေဖြင့် ပြည်သူလူထုနှင့် လူငယ်များနှင့်အတူ ရပ်တည်သွားမည်ဖြစ်ပြီး စစ်ဘေးဒဏ်ခံခဲ့ရသည့် အိမ်ထောင်စုများကိုလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြရန် မွန်အဖွဲ့အစည်း အသီးသီးကို တိုက်တွန်းထားသည်။
စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခြင်းနှင့် အပြစ်မဲ့သောလူငယ်နှင့် ပြည်သူများအပေါ် ရက်စက်စွာ အတင်းအဓမ္မနှိပ်စက်ခြင်းတို့ကိုလည်း MYPO အနေနဲ့ အာဏာသိမ်းစစ်တပ်ကို ပြတ်သားစွာ ဆန့်ကျင်သွားမည်ဖြစ်ကြောင်းလည်း ဝမ်းနည်းခြင်း သဝဏ်လွှာတွင် ထုတ်ပြန်ထားသည်။
IMNA မှ အချက်အလက်အရ ရေးချောင်းဖျားဒေသ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၅ ဦးအထိရှိပြီး ယနေ့အထိ ဆေးကုသခံယူနေသူများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။






