မေသုခ (သတင်းဆောင်းပါး)
မွန်ပြည်နယ်ရှိ ကျေးလက်နေသူများအတွက် စပါး၊ ရော်ဘာနှင့် သစ်သီးဝလံ စိုက်ပျိုးရေးသည် အဓိက အသက်မွေးဝမ်းကျောင်း ဖြစ်သည်။ သို့သော် ရာသီဥတု ဖောက်ပြန်မှုများဖြစ်သည့် မိုးရွာသွန်းချိန် မမှန်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် အပူချိန် မြင့်တက်ခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲ ဖြစ်လာသည်။
တစ်ချိန်တည်းမှာပင် စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် လုပ်သားခများ မြင့်တက်လာသော်လည်း စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်းမရသဖြင့် တောင်သူများ၏ ကုန်ကျစရိတ်နှင့် ဝင်ငွေကြား ကွာဟချက် ပိုမိုကြီးမားလာသည်။

ကျိုက်မရောမြို့နယ်မှ မိုးစပါးစိုက် တောင်သူတစ်ဦးက “မိုးစပါးစိုက်တေ
ရာသီဥတုပြောင်းလဲမှုအပြင် စစ်ကြောင်းထိုးခြင်း၊ ဖမ်းဆီးမှုများနှင့် တိုက်ပွဲများ အပါအဝင် ဒေသတွင်း ပဋိပက္ခများကြောင့် စိုက်ပျိုးရေးနှင့် ရော်ဘာခြစ် လုပ်ငန်းများ ပုံမှန် မလုပ်ကိုင်နိုင်ကြပေ။
ရေးမြို့နယ်ဘက်တွင် စစ်ဘေးတိမ်းရှောင်နေရသဖြင့် အလုပ်အကိုင် မမှန်သည့်အပြင် မိုးသက်လေပြင်းကြောင့် ကွမ်းသီးအပွင့်များ ကြွေကျကာ အထွက်နှုန်း ကျဆင်းလျက်ရှိသည်။ ထို့ပြင် ဒေသထွက်ကုန်များ ဈေးကောင်းမရဘဲ အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်နေသဖြင့် ဝင်ငွေထက် ကုန်ကျစရိတ်က ပိုမိုများပြားနေသည်။
“အလုပ်ကောင်းကောင်းမလုပ်ရဘူး။ ပြေးလိုက်၊ ပြန်လာလိုက်နဲ့။ ကွမ်းတွေဆို မိုးကြီးလေကြီးရင် အထွက်နှုန်းက တစ်နှစ်နဲ့တစ်နှစ် အရမ်းကွာတယ်။ ကိုယ်ဆီက ထွက်တဲ့အရာမှန်သမျှက ဈေးမရ၊ ကုန်ဈေးနှုန်းက တက်နေတော့ အဝင်ဘက်က နည်းနေတာ” ရေးဒေသခံတစ်ဦးက ပြောပြန်သည်။
ထိုသို့ စိုက်ပျိုးရေးဝင်ငွေ ကျဆင်းပြီး စားဝတ်နေရေး ကျပ်တည်းလာသဖြင့် ကျေးလက်အိမ်ထောင်စုများသည် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ခြင်းကို နည်းလမ်းတစ်ခုအဖြစ် ရွေးချယ်လာကြသည်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ၂၀၂၆ ခုနှစ် ဇူလိုင်လထုတ် Generation Crossroads အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်နောက်ပိုင်း မွန်ဒေသအပါအဝင် မြန်မာနိုင်ငံမှ လူငယ်အနည်းဆုံး ၁ သန်းခန့် ပြည်ပသို့ ထွက်ခွာခဲ့ကြောင်း ဖော်ပြထားသည်။ ပဋိပက္ခ၊ စီးပွားရေးအကျပ်အတည်း၊ လုံခြုံရေးနှင့် ရာသီဥတုဖိအားများသည် ပြည်ပရွှေ့ပြောင်းမှုကို တွန်းအားပေးသည့် အဓိကအကြောင်းရင်းများ ဖြစ်သည်။
သို့သော် မိသားစုဝင်များ ပြည်ပသို့ထွက်ခွာသွားပြီးနောက် အိမ်တွင် ကျန်ရစ်သူများအပေါ် ကျရောက်လာသည့် ဝန်ထုပ်ဝန်ပိုးများကိုမူ ထည့်သွင်းတွက်ချက်လေ့ မရှိပေ။
အမျိုးသားများ ထွက်ခွာပြီးနောက် ကျန်ရစ်သူ အမျိုးသမီးများ
အမျိုးသားများ ပြည်ပသို့ ထွက်ခွာသွားပါက ဇနီး သို့မဟုတ် မိခင်များသည် သားသမီးပြုစုရေး၊ အိမ်ထောင်ရေးစီမံမှု၊ လယ်ယာစိုက်ပျိုးရေးနှင့် မိသားစုအရေး ဆုံးဖြတ်ချက်များကို တစ်ဦးတည်း ထမ်းဆောင်လာကြရသည်။
ခင်ပွန်းဖြစ်သူ ပြည်ပထွက်ခွာသွားသည့် အမျိုးသမီးတစ်ဦးက “အရင်ဦးဆုံးပြေ
ထိုအခြေအနေသည် အမျိုးသမီးများကို စောင့်ရှောက်သူအဖြစ်မှ ဝင်ငွေရှာသူ၊ တောင်သူနှင့် အိမ်ထောင်ဦးစီးအဖြစ်ပါ အခန်းကဏ္ဍ အမြောက်အမြားကို တစ်ပြိုင်နက်တည်း တာဝန်ယူစေသည်။
ထိုအိမ်မှုကိစ္စနှင့် စောင့်ရှောက်ရေး လုပ်အားအများစုမှာ အခကြေးငွေ မရသဖြင့် မမြင်ရသော ဝန်ထုပ်ဝန်ပိုးများအဖြစ် အမျိုးသမီးများအပေါ် ဖိစီးလျက်ရှိသည်။
UNDP နှင့် UN Women တို့၏ ၂၀၂၆ ခုနှစ် လေ့လာချက်အရ မြန်မာနိုင်ငံတွင် အမျိုးသမီး ၄၂ ရာခိုင်နှုန်းသည် ကိုယ်ပိုင်ဝင်ငွေမရှိဘဲ အမျိုးသားများတွင် ၂၃ ရာခိုင်နှုန်းသာ ရှိသည်။
ထို့ကြောင့် ပြည်ပမှ ပို့ငွေမည်မျှရရှိသည်ဆိုသည့် အချက်တစ်ခုတည်းဖြင့် ရွှေ့ပြောင်းမိသားစုတစ်စု၏ အခြေအနေကို တိုင်းတာ၍ မရပေ။ အိမ်တွင်ကျန်ရစ်သည့် အမျိုးသမီးများအတွက် လုံခြုံရေးစိုးရိမ်မှု၊ မိသားစုစားဝတ်နေရေး၊ ငွေကြေးစီမံရမှုတို့က ထပ်ဆင့်ဝန်ထုပ်ဝန်ပိုးများ ဖြစ်နေသည်ကို မမေ့သင့်ပေ။
အမျိုးသမီးများ ကိုယ်တိုင် ပြည်ပထွက်ခွာသည့်အခါ
အမျိုးသမီးများကိုယ်တိုင် မိသားစုဝင်ငွေအတွက် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ပါကလည်း မိသားစုနှင့် ခွဲခွာရခြင်း၊ အလုပ်ခွင်ဖိအားနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများစွာ ရင်ဆိုင်ရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည်မှာ ငါးနှစ်ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ဦးက မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း အဆင်မပြေခြင်းကြောင့် ထွက်ခွာလာရခြင်းဖြစ်ပြီး သားသမီးများနှင့် ဝေးကွာနေခြင်းသည်လည်း အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးတစ်ရပ် ဖြစ်စေသည်ဟု ဆိုသည်။
“ကျမမှာ သမီးသုံးယောက်ရှိတယ်၊ အကုန်လုံး
ထို့အပြင် လမ်းခရီးနှင့် လုပ်ငန်းခွင်အတွင်း လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊ တရားမဝင် ဖြစ်မှုများ၊ လုံခြုံရေးအန္တရာယ်နှင့် လူကုန်ကူးခံရနိုင်ခြေ စသည့် စိန်ခေါ်မှုများစွာလည်း ရှိနေသည်။
ရာသီဥတုဘေးဒဏ်နှင့် အမျိုးသမီးများ
ရာသီဥတုပြောင်းလဲမှုသည် လူတိုင်းကို ထိခိုက်စေသော်လည်း ရိုက်ခတ်မှု ပုံစံချင်း မတူပေ။ စိုက်ပျိုးရေး ထိခိုက်ချိန်တွင် အမျိုးသားများသည် အခြားအလုပ်သို့ ရွှေ့ပြောင်းနိုင်သော်လည်း အမျိုးသမီးများမှာမူ အိမ်တွင်းပြုစုစောင့်ရှောက်ရေး၊ လယ်ယာနှင့် အိမ်မှုကိစ္စများကို ဆက်လက် တာဝန်ယူ ရုန်းကန်နေရသည်။
ထို့အပြင် ရာသီဥတုဘေးအန္တရာယ်နှင့် ပဋိပက္ခအခြေအနေများ တစ်ပြိုင်နက်တည်း ကြုံတွေ့ရသည့် ဒေသများတွင် အမျိုးသမီးများအတွက် လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြေခံဝန်ဆောင်မှုများ ရရှိရေးအခက်အခဲများလည်း ကြုံတွေ့နေကြရသည်။
မွန်ပြည်နယ် ကျေးလက်ဒေသများတွင် ရာသီဥတု၊ စိုက်ပျိုးစရိတ်၊ ထွက်ကုန်ဈေးနှင့် ပဋိပက္ခတို့ ပေါင်းစပ်ကာ မိသားစုများကို ပြည်ပရွှေ့ပြောင်းရန် ပိုမိုတွန်းအားပေးနေသည်။
ထိုရွှေ့ပြောင်းမှု၏ နောက်ကွယ်တွင် အမျိုးသမီးများ၏ မမြင်ရသော အလုပ်တာဝန်များနှင့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများလည်း တိုးပွားလျက်ရှိသည်။
ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုသည် သဘာဝအခြေအနေ ပြောင်းလဲခြင်းမျှသာ မဟုတ်တော့ဘဲ လူတစ်ဦးချင်းစီ၏ အလုပ်အကိုင်၊ ဝင်ငွေ၊ မိသားစု အခြေအနေနှင့် လုံခြုံရေးတို့ကိုပါ ပြောင်းလဲစေသည့် သက်ရောက်မှုကြီးမားသော လူမှုစီးပွားရေး ပြဿနာတစ်ရပ် ဖြစ်လာနေပေသည်။




