Homeဆောင်းပါးဦးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်နှင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဖြစ်တန်စွမ်း

ဦးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်နှင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဖြစ်တန်စွမ်း

-

အာဏာသိမ်းအစိုးရအသိုင်းအဝိုင်းက ဦးမင်းအောင်လှိုင်၏ သမ္မတအဖြစ် ပြည်ပခရီးစဉ်များအနက် ရုရှားခရီးစဉ်ကို အအောင်မြင်ဆုံးခရီးစဉ်အဖြစ် ပြောစမှတ်ပြု ချီးမြှောက်နေကြသည်။

အာဏာသိမ်းခေါင်းဆောင်အနေဖြင့် သမ္မတရာထူးအား ရယူပြီးနောက်ပိုင်း အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအိုနှင့် ရုရှားကဲ့သို့သော နိုင်ငံများကို သွားရောက်ကာ အဘက်ဘက်မှ ချွတ်ခြုံကျနေသည့် မြန်မာနိုင်ငံတွင် လာရောက်ရၚ်းနှီးမြှုပ်နှံရေး အဓိကထား ပြောဆိုခဲ့သည်။

၂၀၂၆ ဩဂုတ်လအတွင်း ရုရှားနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း သမ္မတပူတင်က မြန်မာတွင် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားကြောင်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ ရေနက်ချက်စက်ရုံ၊ နျူကလီးယားဓာတ်အားပေးစက်ရုံနှင့် အခြားစက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း နှစ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်လာသည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများအတွက် အရင်းအနှီး ပြန်ကျေသည့်ကာလ ရောက်သည်အထိ အစုရှယ်ယာအများစုကို ရုရှားကုမ္ပဏီများက ရယူလိုသည်ဟု ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reshetnikov က ဩဂုတ် ၁၉ ရက်တွင် ပြောဆိုခဲ့ကြောင်း ရုရှားသတင်းဌာန Interfax က ဖော်ပြသည်။

အာဏာရှင်လက်အောက်တွင် လည်ပတ်နေရသည့် မီဒီယာစာမျက်နှာများထက်တွင်လည်း ရုရှားက မြန်မာတွင် ရင်းနှီးမြှုပ်နှံမည့် အခြေအနေများကို ဝေဝေဆာဆာဖော်ပြနေကြသည်။

◼️ရုရှားအကျိုးစီးပွားနှင့် လေပေါ်က စီမံကိန်း

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးမင်းအောင်လှိုင်သည် ရုရှားသို့ အနည်းဆုံး ၈ ခေါက်ထက်မနည်း သွားရောက်ခဲ့သည်။

အာဏာမသိမ်းခင်ကာလများတွင် လက်နက်ရောင်းဝယ်ရေးကဲ့သို့သော စစ်ဘက် စီးပွားရေးမိတ်ဘက်အဆင့်မှ အာဏာသိမ်းပြီးနောက် အာဏာရှင်အချင်းချင်း ဖေးမသည့် အဘက်ဘက်မှ ပူးပေါင်းဆောက်ရွက်သည့် အဆင့်ဖြစ်လာသည်။

အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်း ပြန်စမည်ဟု ကြေညာခဲ့သည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မည့်အကြောင်း စစ်အုပ်စုဘက်က ကြေညာခဲ့သည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်ကော်မရှင်နှင့် ရုရှားနိုင်ငံ ပူးပေါင်းပြီး ထားဝယ်အထူးစီးပွားရေးဇုံမှာ ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ တည်ဆောက်ရေး နှစ်နိုင်ငံသဘောတူညီမှု စာချုပ် MOU ရေးထိုးခဲ့ကြောင်း ရုရှားစီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရုရှားဘက်ကလည်း ယခု ၂၀၂၆ ဩဂုတ်လခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ကမ်းလွန်ပင်လယ်တွင် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများကိုပါ ဆွေးနွေးခဲ့ကြသည့် အခြေအနေများကို ထုတ်ပြန်ခဲ့များကြောင့် ထားဝယ်အထူးစီးပွားရေးဇုံမှာ နေ့ချင်း ညချင်းပင် ပေါ်လာမည့်အလား စစ်တပ်အသိုင်းအဝိုင်းက သုံးသပ်နေကြသည်။

တစ်ဆက်တည်းမှာပင် အဆိုပါ စီးပွားရေးဇုန် ပေါ်ပေါက်လာပါက ရုရှား-မြန်မာ-ထိုင်း ပူးပေါင်းသည့် အရှေ့တောင်အာရှနှင့် ပင်လယ်ပြင် ကုန်သွယ်ရေးတွင် မလက္ကာရေလက်ကြား၏ အရေးပါမှုကို လျှော့ချပြီး မြန်မာ၏ ရွှေခေတ်ကို ပြန်ရောက်မည့်အလား စစ်တပ်ဝါဒဖြန့်ချန်နယ်များက မက်လုံးပေးရေးသားကြသည်။

အာဏာသိမ်းသမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကလည်း ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မှုအပါအဝင် ဆွေးနွေးချက်များအကောင်အထည်ပေါ်လာပါက မြန်မာ့လူမှုစီးပွားဘဝ တိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်လာမည်ဟု ပြောဆိုထားသည်။

သို့သော်လည်း အရပ်သားအစိုးရ NLD လက်ထက်၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံပေး အကြီးပိုင်းအရာရှိတစ်ဦးက စစ်အုပ်စု၏ ပြောဆိုချက်များမှာ ဝါဒဖြန့်မှုသာဖြစ်ပြီး အမှန်တကယ်ဖြစ်လာနိုင်ချေ မရှိကြောင်း အချက်အလက်များနှင့်တကွ ထောက်ပြသည်။

“ဒါနဲ့ ပတ်သက်လာရင်တော့ ကျွန်တော်က ၉၀ ရာခိုင်နှုန်း ဖြစ်မလာဘူးလို့ ပြောရဲတယ်။ ကျန်တဲ့ ဆယ်ရာခိုင်နှုန်းအရ ဖြစ်လာရင်တောင် နေ့ချင်း ညချင်းပေါ်လာမယ့်အရာမဟုတ်ဘူးဆိုတာ သဘောပေါက်ရပါမယ်။ ရုရှားဆိုတာက အခု စစ်စရိတ်ထောင်းနေတဲ့ နိုင်ငံပါ။ အခု ရင်းနှီးမြှုပ်နှံမယ့် ကိစ္စမှာ စရိတ်အတော်ကြီးပါတယ်။ အရင်က မှန်းခဲ့တာတောင် ဒေါ်လာ ၁၀ ဘီလီယံ ဝန်းကျင်ပါ။ ဒါတောင် ဒီစီမံကိန်းက အမြတ်ရဖို့ မသေချာခဲ့ပါဘူး။ ဒါပေမယ့် ဘာဖြစ်လို့ ကျွန်တော်တို့ အစိုးရလက်ထက်တုန်းက လုပ်ဖို့လဲဆိုရင် အမဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါ။ ပညာရှင်တွေက အဲဒီထဲက သိတယ်။ ဒီစီမံကိန်းက အမြတ်ရဖို့ထက် ရှုံးဖို့တောင်ရှိတယ်ဆိုတာ ဒီတော့ အမက ပြောတယ်၊ အဆင်မပြေလောက်ဘူးဆိုတာတော့ နားလည်ပါတယ်။ ကျွန်မတို့လို ဆင်းရဲတဲ့နိုင်ငံအတွက် လုပ်ပေးနိုင်မလားလို့ မေးတော့ လုပ်ဖို့ဆိုတာမျိုးတွေ ဖြစ်လာတာ။ ဒါပေမယ့် တခြားအခြေအနေတွေရှိခဲ့တာပေါ့ မြေပြင်မှာ။ ပြောချင်တာကတော့ ဒီနေရာကနေ အမြတ်ရဖို့ နည်းတယ်ဆိုတာကို သိသိရက်နဲ့ ဘယ်သူက မြှုပ်နှံမှာလဲ။ နောက်ပြီး ဒီနေရာဟာ စစ်ဖြစ်နေတာပါ။ ဘယ်စီးပွားရေးသမားကရော ဒီဆိပ်ကမ်းတွေကို သုံးမလဲ။ ဒါတွေကို ထောက်ရှုပြီး စဉ်းစားရင်တောင် ဖြစ်လာဖို့ ဝေးပါတယ်။” ဟု အထက်ပါ အကြီးတန်းအကြံပေး ပုဂ္ဂိုလ်က သုံးသပ်ပြသည်။

ရုရှားသည် ယူကရိန်းကျူးကျော်စစ်ကြောင့် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ထောင်နှင့်ချီသော ဒဏ်ခတ်ပိတ်ဆို့မှုများ၊ ပိုင်ဆိုင်မှု သိမ်းဆည်းခံရသည့် အခြေအနေကိုလည်း ရင်ဆိုင်နေရသည်။

မြန်မာ့အရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဒေးဗစ်မက်သီဆန်ကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ စိတ်ကူးယဉ်ဆန်ပြီး ဖြစ်လာနိုင်ချေမရှိသေးကြောင်း မှတ်ချက်ပြုသည်။

◼️ရုရှား-မြန်မာစစ်တပ် အမှန်တကယ် ဆက်ဆံရေး

ရုရှားခရီးစဉ်အတွင်း စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များသည် ဆွေးနွေးမှုအဆင့်သာ ရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အမှန်တကယ် အကောင်အတည်ဖော်ရန်ရှိသည့် စီမံကိန်းများလည်း ရှိသည်။

ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Rosatom က မြန်မာတွင် အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ (SMR) စီမံကိန်းအတွက် ကနဦး မြေပြင် စစ်တမ်းလုပ်ငန်းများကို ယခုနှစ်အတွင်း စာချုပ်ချုပ်ဆိုနိုင်ပြီး မြေပြင်လုပ်ငန်းများကို ၂၀၂၇ ခုနှစ်တွင် စတင်နိုင်တော့မည်ဖြစ်ကြောင်း Rosatom ၏ ညွှန်ကြားရေး မှူးချုပ် အလက်ဇီ လီခါချော့ဗ်က ပြောဆိုကြောင်း သတင်းများတွင် ဖော်ပြလာသည်။

ဦးမင်းအောင်လှိုင်သည်လည်း ရုရှားခရီးစဉ်အတွင်း နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်ဖို့သာ ဖြစ်ကြောင်းနှင့် အသေးစိတ်ကို မသိရကြောင်း ဒေါ်ခိုင်ခိုင်စိုးက မီဒီယာများကို ပြောသည်။

မြန်မာစစ်တပ်၏ နျူကလီးယားအိပ်မက်အကောင်အထည်ပေါ်ရန် ပို၍ နီးကပ်လာသည့် အလားအလာဖြစ်သည်။ မြန်မာစစ်တပ်က နျူကလီးယားဓာတ်ပေါင်းဖိုအား လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန်သာ သုံးစွဲမည်လားဆိုသည်မှာ မေးခွန်းထုတ်စရာပင် ဖြစ်သည်။

ထို့ပြင် လေကြောင်းရန်ကာကွယ်ရေးတပ်မှ CDM ပြုလုပ်သည့် အရာရှိအချို့၏ ပြောပြချက်အရ ရုရှားခရီးစဉ်တွင် လက်နက်ဝယ်ယူမှု ရှိခဲ့ကြောင်း IMNA က စုံစမ်းသိရှိရသည်။

“လေကြောင်းရန် ကာကွယ်ရေးအောက်က လက်နက်တချို့ဝယ်ဖို့ ပါသွားတာရှိတယ်။ For Show ပါပဲ မြန်မာမှာ လေကြောင်းရန် ကာကွယ်ရေးရှိတယ်ပေါ့။ အဲဒီလောက်ပါပဲ” ဟု ဆိုသည်။

Stockholm International Peace Research Institute (SIPRI) ၏ အဓိက လက်နက်ကြီးများ လွှဲပြောင်းမှုဆိုင်ရာ ညွှန်းကိန်းများအရ ၁၉၅၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ မြန်မာနိုင်ငံသို့ တင်ပို့သည့် ပမာဏ ရာခိုင်နှုန်းတွင် တရုတ်နိုင်ငံက အများဆုံး ဖြစ်ပြီး၊ ရုရှားက ဒုတိယနေရာတွင် ရှိနေသည်။

လက်ရှိ မြန်မာစစ်တပ်တွင် ပိုင်ဆိုင်ထားသော အဆင့်အမြင့်ဆုံး တိုက်လေယာဉ်အမျိုးအစားမှာ ရုရှားနိုင်ငံ SUKHOI ကုမ္ပဏီထုတ် SU 30 SME များ ဖြစ်ပြီး လေတပ်၊ ကြည်းတပ်နှင့် စစ်ဘက်ဆိုင်ရာတွင် ရုရှားဘက်က ကူညီပံ့ပိုးနေသည်။

ယခုခရီးစဉ်အတွင်း ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ယခင်က ထောက်ပံ့ပေးခဲ့သော တိုက်လေယာဉ်များကို ဆက်လက် လည်ပတ်နိုင်ရန် ကူညီပေးနေပြီး ရေတပ်ပစ္စည်းကိရိယာများပါဝင်သည့်အနာဂတ်စီမံကိန်းများအတွက် အလားအလာများကို မြင်တွေ့နေရကြောင်း ရုရှားလက်နက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ရုရှားနိုင်ငံပိုင် TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့ကြောင့် ရုရှား၏ မြန်မာနိုင်ငံအပေါ် အဓိက စိတ်ဝင်စားမှုမှာ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများထက် စွမ်းအင်နှင့် လက်နက်ရောင်းဝယ်ရေးသာ အဓိက ဖြစ်နေကြောင်း ပေါ်လွင်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts