Home သတင်း လမိုင်းမြို့တွင် ပစ္စတိုသေနတ်ပြပြီး  ကားလုယက်မှုဖြစ်ပွား

လမိုင်းမြို့တွင် ပစ္စတိုသေနတ်ပြပြီး  ကားလုယက်မှုဖြစ်ပွား

မွန်ပြည်နယ်၊ လမိုင်းမြို့၊ ဘူတာရပ်ကွက်တွင် ယနေ့ ဩဂုတ် ၂၅ ရက် နံနက်ပိုင်း၌ ဆိုင်ကယ်မောင်းနှင်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှ ပစ္စတိုသေနတ်ပြ၍ ကားလုယူ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်းလာသည့် အမျိုးသာတစ်ဦးက နေအိမ်ရှေ့တွင် ရပ်ထားသည့်ကားကို ဝင်တိုက်ပြီး ကားအတွင်းရှိ အမျိုးသမီးကို “ဘယ်လောက်လျော်ပေးရမလဲ” မေးမြန်းရာမှ ပစ္စတိုသေနတ်ပြကာ ကားပေါ်မှ ဆင်းခိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် ကားပေါ်တက်၍ မောင်းနှင်ထွက်ပြေးသွားချိန် ကားအတွင်းရှိ ကလေးတစ်ဦးပါ အတူပါသွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ သေနတ်ပြပြီးတော့ ကားလုသွားတာ။ ခလေးကလဲ ကားမှာပါသွားတယ်။ ပြီးမှ ခလေးကို တခြားနေရာမှာ သွားချထားတယ်၊ လူလတ်ပိုင်းလောက်ရှိမယ် ဆိုင်ကယ်ဦးထုပ်ဆောင်းထားတယ် မိုးကာလဲ ဝတ်ထားတယ်သူ့ဆိုင်ကယ်က ဒီမှာကျန်ခဲ့တယ်။ ” ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကလေးအား လမ်းတစ်နေရာတွင် ချထားခဲ့ပြီး လက်ရှိတွင် မိသားစုထံ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

လုယက်ခံယူရသည့် ကားသည် Ford EcoSport အမဲရောင်၊ ယာဉ်အမှတ် 1R/7598  ဖြစ်ပြီး ကာယကံရှင်မှ ခလရ (၁၀၆) တပ်ရင်းသို့ တိုင်ကြားထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“အခုက ၁၀၆ မှာ တိုင်ထားတယ်။ သူကျန်ခဲ့တဲ့ဆိုင်ကယ်ကိုလဲ သူတို့ယူသွားပြီး စုံစမ်းစစ်ဆေးနေတုန်းပဲ ဘယ်လိုလာမလဲတော့ မသိဘူး ကားက မတွေ့သေးဘူး ဘယ်လမ်းထွက်သွားတာလဲ မသိဘူး” ဟု ပြောသည်။

ကားလုယူထွက်ပြေးသွားသည့် အမျိုးသားသည် ဆိုင်ကယ်ကို နေအိမ်ရှေ့တွင် ချန်ထားခဲ့သဖြင့် စစ်ကော်မရှင်အဖွဲ့မှ လာရောက်စစ်ဆေးမှု လုပ်ဆောင်နေကြောင်းလည်း သိရသည်။

လက်ရှိအချိန်အထိ ကားကို ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ မည်သည့်လမ်းကြောင်းမှ ထွက်ခွာသွားသည်ကိုလည်း မသိရှိရသေးကြောင်း သိရသည်။

လမိုင်းမြို့တွင် ရွှေဆိုင်မှ ရွှေထည်များအပါအဝင်၊ ယာဉ်များ မကြာခဏ လုယက်ခံနေရသော်လည်း ပြန်လည် ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိပေ။

Enable Notifications OK No thanks