Home သတင်း မြစ်ရေကျဆင်းခြင်းမရှိသေးသဖြင့် လှိုင်ကနီရွာတစ်ဝိုက် ခရီးသည်ရာနှင့်ချီ သောင်တင်နေ

မြစ်ရေကျဆင်းခြင်းမရှိသေးသဖြင့် လှိုင်ကနီရွာတစ်ဝိုက် ခရီးသည်ရာနှင့်ချီ သောင်တင်နေ

ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်၊ လှိုင်ကနီ-အင်းခွလမ်းပိုင်းတွင် မြစ်ရေပြန်လည်ကျဆင်းခြင်းမရှိသေးသဖြင့် လှိုင်ကနီကျေးရွာတွင် ခရီးသည်တစ်ရာကျော် သောင်တင်နေကြကြောင်း ဒေသခံများမှ သိရသည်။

သြဂုတ် ၂၀ ရက်နေ့က အဘစ်လမ်းပိုင်းမှဝင်ရောက်လာသည့် ယာဉ်များသည် လှိုင်ကနီရွာအရှေ့ပိုင်းတွင် စက်ပျက်နေသည့် ယာဉ်တစ်စီးကို တန်းစီစောင့်ဆိုင်းနေစဉ် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်လာသဖြင့် ယာဉ်အစီးရေ ၂၀ ထက်မနည်း ပိတ်မိနေကြောင်း သိရသည်။

ယနေ့သြဂုတ် ၂၂ ရက်နေ့ မွန်းလွဲပိုင်းအထိ မြစ်ရေကျဆင်းခြင်းမရှိသေးသည့်အပြင် မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်သဖြင့်  ခရီးသည်များ ရက်အတန်ကြာ စောင့်ဆိုင်းရနိုင်ကြောင်း လှိုင်ကနီ ရွာခံတစ်ဦးကဆိုသည်။

“ ရွာမှာ မနက်က ခရီးသည်ရာကျော်ရှိနေတယ်။ တစ်ချို့က လှေနဲ့ခရီးဆက်တာလည်းရှိတယ်။ တစ်ချို့က ဒီမှာကျန်နေတာလည်းရှိတယ်။ ကျွန်တော်တို့ရွာဘက်မှာ ကား သုံးဆယ်လောက် ပိတ်မိနေတယ်” ဟု လှိုင်ကနီဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ခရီးသည်များ ယာယီနေထိုင်စားသောက်ရန် ဒေသခံများ ဝိုင်းဝန်ကူညီပေးနေပြီး ဘုရားသုံးဆူသို့ ခရီးဆက်လိုသူများကို ရေလမ်းမှတစ်ဆင့် စက်လှေဖြင့် တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးနေကြောင်းလည်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့  နံနက်ပိုင်းက လှေဖြင့် ခရီးဆက်လာခဲ့သည့် ခရီးသည် ၁၁ ဦး လှေမတော်မဆတိမ်းမှောက်မှု ဖြစ်ခဲ့ရာ ဒေသခံများ အချိန်မှီကယ်ဆယ်နိုင်သဖြင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။

မုဒုံ-အဘစ်-ဘုရားသုံးဆူလမ်းပိုင်းတွင် ရာနှင့်ချီသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ နေ့စဉ်ဖြတ်သန်းသွားလာနေကြပြီး မိုးတွင်းကာလတွင် ကားလမ်းများပျက်စီးကာ သွားလာရေးပြဿနာများနှင့် နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရကြောင်း ဒေသခံများမှ သိရသည်။

Enable Notifications OK No thanks