မွန်ပြည်နယ် ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံတွေ့နေရသဖြင့် သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ဒေသခံများကပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၂၀ ရက်နေ့မှစ၍ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျောင်းရွာကျေးရွာတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး ချောင်းအနီးနေထိုင်သူများ အရေးပေါ် ပြောင်းရွှေ့နေကြရသည်။
လက်ရှိ ကျောင်းရွာကျေးရွာအတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်အများစု နေအိမ်ပြန်လည်ကြည့်ရှုရန် ခက်ခဲသည့်အပြင် စားဝတ်နေရေးအတွက် ယာယီခိုလုံနေသည့် မိသားစုထံ ပိုမိုအားထားလာရကြောင်းလည်း ဆိုသည်။

" ဆွေမျိုးအသိအိမ်တွေမှာပဲ နေကြတယ်။ အခုကျောင်းရွာမှာလဲ ရေထပ်ကြီးနေတယ် သွားလာလို့လဲ မရနေဘူး ဖြစ်နေတယ်။ ရေက ခါးလောက်ရှိနေတယ်။ လှေနဲ့ပဲ သွားလာနေရတယ် လေယာဉ်ကဝဲလားမဝဲလားတော့ မသိဘူး။ မိုးရော လေရော ဖြစ်နေတော့ မကြားရဘူး။ ” ရေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဩဂုတ်လ ၁၁ ရက်နေ့က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်အုပ်စုမှ ကျောင်းရွာကျေးရွာအုပ်စုကို လေယာဉ်ဖြင့် ကင်းထောက် ပျံဝဲနေသဖြင့် ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံ ၁,၀၀၀ နီးပါး နီးစပ်ရာ နေရာများတွင် တိမ်းရှောင်နေခဲ့ရသည်။
ကျောင်းရွာဒေသခံတစ်ဦး၏ ပြောကြားချက်အရ ယနေ့ သြဂုတ် ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောင်းရွာချောင်းရေ ၈ ပေ ခန့်သို့ လျော့ကျသွားသော်လည်း သွားလာ၍ မရသေးကြောင်း ဆိုသည်
ကျောင်းရွာမှ နတ်ကြီး-လိပ်ပုတ်- ချော့ထာရွာ သွားရ ကားလမ်းပေါ်တွင်လည်း ရေ ၃ ပေခန့် ရှိနေပြီး ရေစီးသန်နေဆဲဖြစ်သဖြင့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများ လုံးဝဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးဘဲ လှေကိုသာ အဓိက အသုံးပြု သွားလာနေရသည်။
" လှေနဲ့ သွားနေတယ် ဆိုင်ကယ်ကိုလဲ လှေနဲ့ သယ်နေတယ် အခုလိုပဲ မိုးကဆက်ကောင်းနေရင် စားဖို့အတွက်လဲ ခက်ခဲလာမယ်။ လောလောဆယ်က ဈေးဆိုင်းမှာ ရှိတာတွေ ရောင်းကြတာပေါ့။ ကုန်သွားရင်ဒုက္ခပဲ ချောင်းရေကလဲ ကြမ်းနေ လမ်းကလဲ သွားမရတော့ စိုးရိမ်ရတာပဲ။ ” ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။
သွားလာရေးခက်ခဲနေသဖြင့် ကုန်စုံဆိုင်များတွင်လည်း လက်ကျန် ပစ္စည်းများကိုသာ ရောင်းချနေရပြီး ကုန်ပစ္စည်းပြတ်လပ်မှု ဖြစ်မည်ကို စိုးရိမ်ရကြောင်းလည်း ဆိုသည်။




