ထိုင်း-မြန်မာနယ်စပ်၊ စံခလပူရီ၊ နောင်လူးကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ လိမ္မော်ခြံအနောက်ဘက်ရှိ သဘာဝနယ်စပ်ဖြတ်လမ်းတွင် သြဂုတ်လ ၁၃ ရက်နေ့က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅၃ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရကြောင့် ထိုင်းအာဏာပိုင်က ထုတ်ပြန်ထားသည်။
ထိုင်းစစ်တပ်အဖွဲ့၊ စံခလဘူရီရဲစခန်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPR 134) နှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ နမ့်ကုတ်စစ်ဆေးရေးဂိတ် (Nam Koke Checkpoint) အနီးတစ်ဝိုက်တွင် စစ်ဆေးရေး အရှိန်မြှင့်လုပ်ဆောင်နေစဉ် တရားမဝင်ဝင်ရောက်လာသည့် တရားမဝင်လူစုကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မည်သည့်တရားဝင် မှတ်ပုံတင်စာရွက်စာတမ်းနှင့် အထောက်အထားကို ပြသနိုင်ခြင်း မရှိသည့်အပြင် ထိုင်းဘာသာစကားကိုလည်း ပြောဆိုခြင်း၊ နားလည်နိုင်ခြင်း မရှိသည့်ကို စစ်ဆေးတွေ့ရှိရကြောင်း ဆိုသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအားလုံးကို သက်ဆိုင်ရာအရာရှိများက “ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သော နိုင်ငံခြားသားများ” အဖြစ် သတ်မှတ်ကာ တရားစွဲဆိုထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ဖမ်းဆီးထိန်းသိမ်းထားရှိသည်။
နယ်စပ်လုံခြုံရေး တင်းကျပ်ထားမှုလတ်တလောကာလအတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တရားမဝင် ဝင်ရောက်မှုများပြားနေသဖြင့် စံခလဘူရီခရိုင်အတွင်းရှိ နမ့်ကုတ်စစ်ဆေးရေးဂိတ် အပါအဝင် သဘာဝအဝင်အထွက်ဂိတ်များတွင် ပူးပေါင်းအဖွဲ့အစည်းများက လုံခြုံရေးကို အထူးတင်းကျပ်ထားသည်။
အလားတူ တရားမဝင် ဝင်ရောက်မှုများကို တားဆီးနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော်ရာ လမ်းကြောင်းများတွင် နေ့ညမပြတ် စောင့်ကြည့်ကင်းလှည့်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်က ဆိုသည်။
ယခုလသြဂုတ်လအတွင်း ကန်ချနပူရီခရိုင်တွင် တရားမဝင်မြန်မာနိုင်ငံသား ၁၀၀ ကျော်အထိ ဖမ်းဆီးခံထားရပြီး ပွဲစားများက ပြန်လည်တာဝန်ယူပေးသူများ ရှိသလို နေရပ်ပြန်ပို့ခံရသူများလည်းရှိကြောင်း ဒေသခံများမှ သိရသည်။



