
မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ စစ်ကော်မရှင်တပ်၏ တိုက်ခိုက်မှုကြောင့် ကလေး၊ အမျိုးသမီး ၃၂ ဦး သေဆုံးပြီး ၈၄ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ထုတ်ပြန်သည်။
ခြောက်လတာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၄၃ ကြိမ် စစ်တပ်က ကျူးလွန်ခဲ့သည်ဟု ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦး သေဆုံးကာ၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အမျိုးသမီး ၁၂ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း HURFOM ပါ ဖော်ပြထားသည်။

၎င်းပြင် လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေး ၅ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“လေကြောင်းတိုက်ခိုက်တာတွေ လက်နက်ကြီး ပစ်တာတွေ မော်တာနဲ့ ပစ်တာ၊ ဒရုန်းနဲ့ ပစ်တာ ပြီးတော့ မြေပြင်ထိုးစစ်ဆင်တာတွေ အကုန်လုံးက အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို ပိုပြီး ပစ်မှတ်ထားလာတာ။ ဒီလိုတိုက်ခိုက်တဲ့ပုံစံကြောင့် တိုက်ပွဲဖြစ်တဲ့နေရာတင်မဟုတ်ဘူး၊ တိုက်ပွဲမဖြစ်တဲ့နေရာမှာပါ ထိခိုက်သေဆုံးတာတွေက ဖြစ်လာတယ်” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Program Director နိုင်အဲမွန်က ပြောသည်။
စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ နေရာစွန့်ခွာ တိမ်းရှောင်နေရပြီး စစ်ပွဲများ၏ နောက်ဆက်တွဲဆိုးကျိုးများကို အမျိုးသမီးများက ခံစားနေရသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတောင်ပိုင်းတွင် ကလေးသူငယ် ၉၉ ဦး သေဆုံးပြီး၊ ၂၂၈ ဦး ဒဏ်ရာရခဲ့သည့်အပြင် အမျိုးသမီး ၂၇၇ ဦး သေဆုံးပြီး ၆၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။


