အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် လာမည့်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ဩဂုတ် ၃ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ၊ စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံသွားမည်ဟု ဆိုသည်။
ထိုင်း – မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ရှိသည့် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို စစ်အုပ်စုဘက်က စစ်ရေးဖိအား ပို၍ လုပ်ဆောင်လာနိုင်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်မှ IMNA ကို ပြောသည်။

“အထူးသဖြင့်တော့ ကုန်သွယ်ရေးလုပ်မယ့် လမ်းကြောင်းတွေနဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကို ပိုပြီးတော့ စစ်ရေးအရရော ကျန်တဲ့ဟာတွေရော အထူးသဖြင့်တော့ ထိုင်းနဲ့ ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းမှာ ကျနေတဲ့ ဟာတွေကတော့ ခုလည်း ဖြစ်နေတာပါပဲ။ ပိုပြီးတော့ အန္တရာယ်ရှိလာနိုင်ပါတယ်။ နောက်တစ်ခုကလည်း Scam Center ပေါ့။ အဲ့ဒီလမ်းကြောင်းက ကုန်သွယ်ရေးလမ်းကြောင်းမှာပဲ ကျနော်တို့ အခု ငွေကြေးလိမ်နေတဲ့ ဒီဂျစ်တယ် Scam Center တွေကလည်း ရှိနေတော့ အဲ့ဒီကိစ္စကလည်း ထိုင်းရော၊ အမေရိကန်ရော၊ တရုတ်ရော ပေါင်းပြီး လုပ်နေတော့ အဲ့ဒီကိစ္စတွေပါ ရောပြီးတော့ ကြိတ်လာနိုင်ပါတယ်။ အဲ့ဒီတော့ ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ ရှိတဲ့ တော်လှန်ရေးအဖွဲ့တွေပေါ်မှာ စစ်ရေးဖိအား အိန္ဒိယဘက်မှာ ဖြစ်သလိုမျိုး ကျနော်တို့ ထိုင်းဘက်မှာလည်း ပိုပြီးတော့ များလာနိုင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းက အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံကို ၅ ရက်တာ သွားရောက်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ကလေး – တမူးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး အရှိန်မြှင့် ဆောင်ရွက်ခဲ့သည်။
ထို့နောက် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါသည့် မုံရွာ – ယာကြီး – ကလေးဝ – ကလေး – တမူး လမ်းကြောင်းတစ်လျှောက်ကို အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်အုပ်စုက ပြန်လည်ထိန်းချုပ်လိုက်သည့် လမ်းကြောင်းသည် အိန္ဒိယနိုင်ငံ မိုရ်ရေးမြို့မှ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ၁၄၀၀ ကီလိုမီတာ (၈၄၅) မိုင် ရှည်လျားတဲ့ သုံးနိုင်ငံနယ်စပ်ဖြတ်ကျော် လမ်းမကြီး စီမံကိန်းပေါ်တွင် တည်ရှိသည်။
ထိုင်း-မြန်မာ နယ်စပ်တွင် စစ်အုပ်စုက စစ်ဆင်ရေး လုပ်ဆောင်ရန် သေချာသလောက်ရှိနေပြီး အထူးသဖြင့် ၎င်းတို့ လက်လွှတ်ထားရသည့် ထီးခီး၊ ဘုရားသုံးဆူကဲ့သို့ နေရာများတွင် ပြင်ဆင်မှုများ ရှိနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထူးချစ်က IMNA ကို ပြောသည်။
“အဓိကတော့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့ ထိုင်း-မြန်မာ နယ်စပ်မှာ စစ်ဆင်ရေးတွေ လုပ်ဖို့ဆိုတာတော့ ဒါက သေချာသလောက်ရှိပါတယ်။ လက်ရှိ သူတို့ လက်လွှတ်ထားရတဲ့ နေရာပေါ့ ဥပမာအနေဖြင့် ထားဝယ်နားမှာ ထီးခီးတို့လို နေရာမျိုးတို့ နောက် ဘုရားသုံးဆူလို နေရာမျိုးတွေမှာတော့ သူတို့ အခုလည်း ပြင်ဆင်နေတာမျိုးတွေ ရှိတယ်။ နောက်တစ်ခုက အဲဒီနယ်စပ် ဒေသတွေကို သူတို့ ထိန်းချုပ်လို့ရမှပဲ စောစောက ပြောတဲ့နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်းတွေက ပိုပြီးမှ အဆင်ပြေမယ်ဆိုတဲ့ သူတို့ မျှော်လင့်ချက်ရှိတယ်။ ဒါကြောင့်မို့လို့ အဲဒါတွေက ကျနော်ထင်တယ်။ နယ်စပ်ဒေသမှာတော့ ထိုးစစ်တွေ လုပ်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ” ဟု ပြောသည်။
ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖွင့်လှစ်ရေး၊ ထိုင်းနိုင်ငံသို့ သန်းနှင့်ချီ ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားအရေး၊ အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးနိုင်သည်ဟုလည်း ဦးထူးချစ်က ဆက်ပြောသည်။
ထို့အတူ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အခြေပြုလှုပ်ရှားနေသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသော တော်လှန်ရေးအင်အားစုများ၏ ရုံးများ၊ ထောက်ပို့များ၊ အဝင်အထွက်ဂိတ်များ စသည့်ကိစ္စရပ်များကိုလည်း ထိန်းချုပ်ရန် ထိုင်းအာဏာပိုင်များထံ တောင်းဆိုနိုင်သည်ဟု နိုင်ငံရေး သုံးသပ်သူများက ဆိုသည်။
လက်ရှိတွင်လည်း လုံခြုံရေးကိစ္စရပ်များ ပိုမိုတိုးမြှင့်လုပ်ဆောင်နေပြီး လက်နက်ခဲယမ်းများ ဝယ်ယူမှု၊ သယ်ယူပို့ဆောင်မှုများကို ပိတ်ပင်ခြင်း၊ အဖွဲ့အစည်းများကိုလည်း တင်းကျပ်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။



