Home သတင်း မွန်တွင် မိုးစပါးအထွက်နှုန်းလျော့နိုင်ဟု တောင်သူများခန့်မှန်း

မွန်တွင် မိုးစပါးအထွက်နှုန်းလျော့နိုင်ဟု တောင်သူများခန့်မှန်း

Screenshot

မွန်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီ၌ ရာသီဥတုပြောင်းလဲလာမှု၊ လယ်လုပ်ငန်းလုပ်ကိုင်သူနည်းပါးမှုနှင့် ပိုးမွှားဝင်ရောက်မှုတို့ကြောင့် လာမည့်စပါးပေါ်ချိန်တွင် အထွက်နှုန်း လျော့ကျလာနိုင်ကြောင်း တောင်သူများက ခန့်မှန်းထားသည်။

တောင်သူများ၏ ပြောဆိုချက်အရ လက်ရှိ စပါးစိုက်ပျိုးချိန်တွင် မိုးရေမလုံလောက်သည့် ရက်များရှိသလို၊ နောက်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် လယ်ယာများ ရေမြုပ်ကာ စပါးပင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစပါးနှင့် လုပ်သားခများ အဆမတန်မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးစရိတ် ကြီးမြင့်မှုနှင့် တောင်သူများက ရင်ဆိုင်နေရသည်။

ရေး၊ မုဒုံနှင့် ပေါင်မြို့နယ်များတွင် စပါးပင်များ၌ ပိုးမွှားကျရောက်မှုနှင့် ရောဂါဖြစ်ပွားမှုများလည်း ရှိနေသဖြင့် အထွက်နှုန်းအပေါ် ထပ်မံသက်ရောက်နိုင်ကြောင်း မိုးစပါးအကြောင်း သိကျွမ်းသူ မုဒုံတောင်သူတစ်ဦးက ပြောသည်။

“ဒီနှစ် စပါးအထွက်နှုန်းလျေ့ာမှာ သေချာတယ် မနှစ်ကလဲလျော့ ဘာလို့လဲဆိုတော့  အခု စပါးတွေမှာ ပိုးစားတယ် ခရုတွေဝင်တယ်။ ပိုးသတ်ဆေးဖြန်းပြီ ပျောက်တယ် ထပ်ဝင်လာနေတယ်။ ဆယ်ခါမကတော့ဘူး။ ရာသီဥတုကြောင့်လည်းပါတယ်။ ကြဲစနစ်လုပ်တယ် ။ဒီလိုဆိုတော့ စပါးက ဘယ်ကောင်းတော့မှာလဲ  အချိူ့လယ်သမားတွေဆို လုပ်တောင်မလုပ်တော့ဘူး။ ” ဟု ပြောသည်။

ယမန်နှစ်ကလည်း အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ စပါးဖျက်ပိုးကျပြီး စပါးခင်းပျက်စီးခြင်း၊ မြေသြဇာလုံလုံလောက်လောက်မသွင်းနိုင်မှုတို့ကြောင့် ပုံမှန်စပါးတစ်ဧကလျှင် စပါးတင်း ၄၀ ကျော်အထိထွက်ရှိနေသည့်လယ်တွင် တစ်ဧက စပါးတင်း ၂၅ တင်းခန့်သာ ထွက်ရှိသည်ခဲ့ဟု အထက်ပါ တောင်သူက ဆက်ပြောသည်။

သို့သော် ယမန်နှစ် မိုးစပါးလက်ကျန်များသည် လက်ရှိတွင် ဝယ်လိုအားမြင့်တက်နေပြီး တစ်တင်းလျှင် ကျပ် ၃၀,၀၀၀ မှ ကျပ် ၄၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

“အခု ကုန်သည်တွေ စပါး လိုက်ဝယ်နေတော့ စပါးဈေးနည်းနည်းတက်နေတယ်။ ဒါပေမဲ့ အရည်အသွေးကောင်းမကောင်း ဈေးဖြတ်ပေးနေတော့ ပိုက်ဆံလိုတဲ့သူကတော့ ရောင်းတာပေါ့။ လယ်သမားအများစုကလဲ ရောင်းနေကြတာပဲ။ ဈေးတက်တုန်း ဒါတောင် ဈေးနည်းနည်းကျသွားသေးတယ်  အရင်ကဆို ဈေးလဲ မရှိ လာဝယ်တဲ့သူတောင်မရှိဘူး။ ” ဟု ရေးတောင်သူ တစ်ဦးက ပြောသည်။  

ယခင်က  စစ်ကော်မရှင် လက်အောက်ခံတပ်ဖွဲ့ဝင်များက မြို့နယ်ဖြတ်ကျော်သယ်ဆောင်သည့် စပါးများကို ဖမ်းဆီးခြင်း ငွေကြေးအဆမတန်တောင်းခံခြင်းများ လုပ်ဆောင်နေသဖြင့် ကုန်သည်များက တောင်သူများထံ စပါးလာရောက်ဝယ်ယူသူ နည်းပါးပြီး စပါးဈေးကောင်းမရခဲ့ပေ။

စပါးဈေးကောင်းမရသည့်အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရင်ဆိုင်နေရသည့်အတွက် တောင်သူများက မိုးစပါးကို လျှော့ချစိုက်ပျိုးထားခြင်းနှင့် တောင်သူအများစုသည် မျိုးကြဲစနစ်ဖြင့်စိုက်ထားသဖြင့် မိုးစပါးအထွက်နှုန်း ပိုမိုလျော့ကျနိုင်သည်ဟုလည်း တောင်သူများက ခန့်မှန်းပြောဆိုလျှက်ရှိသည်။

မွန်ပြည်နယ်တွင် မိုးစပါးလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ပြီး၊ ဒုတိယသီးနှံအဖြစ် နွေစပါး၊ နေကြာ၊ မြေပဲ၊ မတ်ပဲ၊ ပဲတီးစိမ်း၊ ဘိုကိတ်၊ ပဲလွန်း စသည့် သီးနှံပင်များကိုလည်း ဧက အများအပြား စိုက်ပျိုးလေ့ရှိသည်။

Enable Notifications OK No thanks