တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ အမျိုးသမီး ၁ ဦး သေးဆုံးခဲ့ရကြောင်း မြေပြင်ရှိ ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဩဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီတွင် လမိုင်းကော့ရွာကို စစ်ကော်မရှင်စစ်တပ်က လေယာဉ်နှစ်စင်းဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သည်။
လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်အတွင်းရှိနေသည့် အသက် ၆၃ အရွယ် ဒေသခံအမျိုးသမီး ၁ဦး သေဆုံးပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု တနင်္သာရီဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ လေယာဉ်နှစ်စင်းနဲ့ ဗုံးနှစ်လုံးကြဲသွားတာ မနေ့ကညနေ ၄နာရီလောက်မှာ အဖွားတစ်ယောက် ထိပြီးဆုံးသွားတယ်။ သူက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေအချိန်မှာဗုံးလာကြဲသွားတာ နေအိမ်နှစ်လုံးပျက်စီးသွားတယ်” ဟု ဒေသခံ အမျိုးသားက ပြောသည်။
တကူကျေးရွာအုပ်စုသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားပြီး စစ်ကော်မရှင်စစ်တပ်မှ အကြောင်းပြချက်မရှိဘဲ လေယာဉ်ဖြင့် မကြာခဏ လာရောက်တိုက်ခိုက်မှု လုပ်ဆောင်လေ့ရှိသည်။
“ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ထားတော့ သူတို့(စစ်တပ်) လေယာဉ်နဲ့ ခဏခဏ ဗုံးလာကြဲတယ် အခုကြဲသွားတဲ့ရွာမှာလဲ တိုက်ပွဲတွေမဖြစ်နေဘူး တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ မိုင် ၂၀ လောက်ဝေးတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ပြီးခဲ့သည့် မတ်လတွင် စစ်ကော်မရှင်စစ်တပ်မှ တကူကျေးရွာအုပ်စုကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရမှုကြောင့် ဒေသခံ ၃ သုံးဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသည့်အပြင် နေအိမ်အချို့နှင့် အထက်တန်းစာသင်ကျောင်းဆောင် ၂ ဆောင်လည်း ထိခိုက်ပျက်စီးသွားသည်။
စစ်တပ်သည် အရပ်သားပြည်သူများ ရှိရာနေရာ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများတည်ရှိရာနေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။
KHRG မှတ်တမ်းပြုစုထားသည့် အချက်အလက်များအရ မြန်မာပြည်အရှေ့တောင်ပိုင်းတွင်၂၀၂၆ ခုနှစ် ၆ လတာအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၆ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၄၄ ကြိမ်နှင့် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်းဖော်ပြထားသည်။



