Homeသတင်းထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် အရပ်သား ၆ ဦးအထိ သတ်ဖြတ်ခံထားရကြောင်း Dawei SEZ Watch  ထုတ်ပြန်

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် အရပ်သား ၆ ဦးအထိ သတ်ဖြတ်ခံထားရကြောင်း Dawei SEZ Watch  ထုတ်ပြန်

-

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လတစ်လအတွင်း စစ်ကော်မရှင်စစ်ကြောင်းများ၏ စစ်ဆင်ရေးကြောင့် အရပ်သား ၆ ဦး သတ်ဖြတ်ခံရပြီး ၁၃ ဦး ဖမ်းဆီးခံထားရကြောင်း Dawei SEZ Watch အဖွဲ့မှ သြဂုတ် ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်နိုင်ရေး ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဇွန်လအစောပိုင်းတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီးနောက် ဇူလိုင် ၉ ရက်မှစ၍ အင်အား ၁,၀၀၀ နီးပါးရှိသည့် စစ်ကြောင်းများက စီမံကိန်းနယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားလာခဲ့သည်။

လမ်းကြောင်းအမျိုးမျိုးခွဲ၍ လှုပ်ရှားခဲ့သည့် စစ်ကော်မရှင်စစ်ကြောင်းများ ဇူလိုင်လအတွင်း ရဟန်းတစ်ပါးနှင့် အသက်မပြည့်သေးသူ လူငယ်တစ်ဦးအပါအဝင် အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့ပြီး ဒေသခံအများစုလည်း တိမ်းရှောင်နေရကြောင်း Dawei SEZ Watch အဖွဲ့ဝင် ဟေတုက ဆိုသည်။

“စီမံကိန်းကို လုံခြုံရေးပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုးနေပေမယ့် လက်တွေ့မှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်။ စစ်ကြောင်းတွေကြောင့် ဒေသခံတွေလည်း အများကြီး တိမ်းရှောင်နေတယ်၊ ပြီးတော့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကြောင်းဝင်ရောက်လာသည့် ကျေးရွာများတွင် ဒေသခံများ သတ်ဖြတ်ခံရခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုခံရခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ ဖောက်သွင်းပြီး ပစ္စည်းများ ခိုးယူခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟုလည်း ဆက်ပြောသည်။

ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် စစ်ကြောင်းထိုးမှုများကြောင့် ထားဝယ်အထူးစီးပွားရေဇုန်ဒေသရှိ ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံများ စစ်ဘေးရှောင်ခဲ့ရသည်။ အဆိုပါ ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့ကျေးရွာများမှာ တစ်ကြိမ်ထက်မက စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းက မြို့ဟောင်းကျေးရွာအနီးတွင် ကင်းပုန်းဝပ်လှုပ်ရှားနေပြီး လမ်းတွင်တွေ့ရှိသည့် လူငယ်များကို ဖမ်းဆီးခြင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက IMNA သို့ ပြောသည်။

“မြို့ဟောင်းဘက်ကို စစ်ကြောင်းထိုးလာပြီး တွေ့တဲ့လူတွေကို ပစ်သတ်တာ၊ မဟုတ်ရင် ဖမ်းဆီးတာတွေ လုပ်နေတယ်။ ဇူလိုင် ၂၈ ရက်ကလည်း လူငယ်တစ်ယောက်ကို ပစ်သတ်ခဲ့တယ်။ နဘုလယ်ဒေသတစ်ဝိုက်မှာ ပြည်သူတွေကို ဖိနှိပ်နိုင်ဖို့ တပ်အင်အား တစ်ထောင်နီးပါး ဖြန့်ကျက်ထားတယ်။ ” ဟု ၎င်းက ပြောသည်။

စစ်တပ်ခန့် အစိုးရ၏  စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းစဥ်သည် မြေပြင်တွင် ဒေသခံပြည်သူများအတွက် လုံခြုံရေး၊ လူမှုစီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်မှုများကို ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း Dawei SEZ Watch အဖွဲ့မှ အစီရင်ခံစာတွင် သုံးသပ်ပြောဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts