ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲမှ လာမည့် ထိုင်း-မြန်မာ ဆွေးနွေးပွဲအတွင်း ရေထုညစ်ညမ်းမှု အရေးကို အဓိကထား ဆွေးနွေးပေးရန် ဆန္ဒပြပွဲ ဦးဆောင်ပါဝင်သူများက Save the Kok River လူမှုကွန်ရက်မှတစ်ဆင့် ထပ်လောင်းတောင်းဆိုထားကြောင်း သိရသည်။
ဩဂုတ်လ ၆ ရက်မှ ၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်သော ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးပွဲမတိုင်မီ တောင်းဆိုစာများ ပေးပို့ထားပြီးဖြစ်သဖြင့် မြန်မာနိုင်ငံအတွင်း မြစ်ဖျားခံရာ ဒေသများ၌ တရားမဝင် သတ္တုတူးဖော်မှုများကြောင့် ဖြစ်ပေါ်လာသည့် အဆိပ်အတောက်နှင့် ဓာတ်ပစ္စည်းများ စီးဝင်နေမှုကို အဆုံးသတ်နိုင်ရေးအတွက် အစိုးရနှစ်ရပ်စလုံးမှ တာဝန်ယူမှုရှိရှိ ဆောင်ရွက်ရန် တောင်းဆိုထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းမှ သတ္တုတွင်းလုပ်ငန်းများကြောင့် နယ်စပ်ဖြတ်ကျော်စီးဆင်းနေသည့် မြစ်ရေညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းပေးရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ဒေသခံပြည်သူများက ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ဩဂုတ် ၃ ရက်နေ့က ဆန္ဒပြခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ဆန္ဒပြပွဲကို “ကော့၊ ဆိုင်၊ ရွတ်နှင့် မဲခေါင်မြစ်များ၏ ထိန်းသိမ်းရေးအဖွဲ့” က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး၊ တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံပြည်သူများက ချင်းမိုင်မြို့ရှိ ဝပ်ဆန်တီထမ်ဘုရားကျောင်းမှတစ်ဆင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးရှေ့သို့ ချီတက်ကာ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများသည် “သတ္တုတွင်းများ ရပ်တန့်ပေး”၊ “ငါတို့မြစ်ကို ပြန်ပေး” စသည့် ကြွေးကြော်သံဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ တရုတ်ကျောထောက်နောက်ခံပြု မြေရှားသတ္တုနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် အဆိပ်သင့်ဓာတုပစ္စည်းများ စီးဆင်းမှုကို ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ထိုင်းမြောက်ပိုင်းမြစ်မှ ခပ်ယူလာသော အဆိပ်သင့် သတ္တုဓာတ်များပါဝင်သည့် ရေနမူနာပုလင်းများကို ပြသကာ နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဆိုင်ရာ အထောက်အထားများအဖြစ် ကောင်စစ်ဝန်ချုပ်ရုံးတာဝန်ရှိသူများထံ ပေးအပ်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
မြစ်ရေများတွင် ခဲနှင့် ပြဒါးကဲ့သို့ အဆိပ်သင့်သတ္တုများ ဘေးအန္တရာယ်ရှိသော အဆင့်အထိ ပါဝင်နေသဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် သောက်သုံးရေဖူလုံမှု ပြဿနာများ ဆိုးဆိုးရွားရွား ရင်ဆိုင်နေသည်။
ယင်းရေညစ်ညမ်းမှုကြောင့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများပါ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသဖြင့် ဘေးအန္တရာယ်ရှိသော ရေထွက်ပစ္စည်းများ စားသုံးခြင်းမှ ရှောင်ရှားရန်လည်း သတိပေးထားသည်။
ကိုးကား_ The Nation



