အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ နိုင်ငံရေးအကျပ်အတည်း ထွက်ပေါက်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များ၊ အာဆီယံအဖွဲ့အစည်းများက အစဉ်အဆက် တောင်းဆိုခဲ့သော်လည်း စစ်အုပ်စုက တွေ့ဆုံခွင့် မပြုခဲ့ပေ။
သို့သော် စစ်အုပ်စုသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque နှင့် ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့်တွေ့ဆုံခွင့်ပြုခဲ့သည်ဟု ဩဂုတ် ၃ ရက်မှာ စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့သည်။
အာဏာသိမ်း စစ်အုပ်စုတို့သည် ၎င်းတို့ နိုင်ငံရေးအကျပ်အတည်းကြုံတိုင်း လူထုခေါင်းဆောင်ကို အသုံးချလေ့ရှိကြောင်း၊ လက်ရှိတွင်လည်း တော်လှန်ရေးတပ်များကို သပ်လျှိုသွေးခွဲနေကြောင်း စစ်ဘက်ရေးရာ ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က IMNA သို့ ပြောသည်။

“မင်းအောင်လှိုင်တို့ စစ်ဗိုလ်ချုပ်တွေ အာဏာသိမ်းအုပ်စု နိုင်ငံရေးအကျပ်အတည်း နောက်ဆုံးအဆင့် ရောက်လာလို့ လူထုခေါင်းဆောင် အမေစုကို ပထမခြေလှမ်းအဖြစ် အသုံးချတာလို့ ပြောရမှာ ဖြစ်ပါတယ်။ ပြီးရင် တစ်ဖက်မှာ ငြိမ်းချမ်းရေးဆိုပြီးတော့ တော်လှန်ရေးတပ်တွေကိုပါ TNLA၊ MNDAA အပါအဝင် CNO/CNDF အပါ နေပြည်တော်မှာရောက်နေတယ်ပေါ့နော်၊ တဖြည်းဖြည်းချင်း သူတို့က ရန်သူအရေအတွက်ကို လျှော့ချလာတယ်၊ ဒီမိုကရေစီအင်အားစုတွေရဲ့ တိုက်ပွဲကိုပဲ နှိမ်နင်းလိုတဲ့ အနေအထားမျိုးကို သွားတွေ့ရတယ်” ဟု ပြောသည်။
စစ်အုပ်စုသည် လာမည့် ၂၀၂၇ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး ၎င်းနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်ကို Peacemaker – ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် အသုံးချရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်သူအားလုံး၏ အသံထွက်ပြောဆို ကြိုးပမ်းပေးမှုနှင့်အတူ အာဆီယံ၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားပေးမှုကြောင့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စသည် နိုင်ငံတကာ၏ အာရုံစိုက်မှုအောက်တွင် ဆက်ရှိနေနိုင်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုသည် တရုတ်နိုင်ငံကိုသာ အဓိကထားဆက်ဆံခဲ့ပြီး လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအရ အနောက်နိုင်ငံများဖြင့် ထိတွေ့ဆက်ဆံရန် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအဖွဲ့အစည်းဖြင့် တွေ့ဆုံခွင့်ပေးခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ အတွင်းရေးမှူး ခွန်ဝေထူးက ပြောသည်။
“ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ တရုတ်နိုင်ငံကိုပဲ အဓိကထား ဆက်ဆံရေး တည်ဆောက်နေရုံနဲ့ နိုင်ငံရေးအရ Diplomatic အရ ပေါ့နော် မလုံလောက်တော့ဘူးဆိုတာကို စစ်ကောင်စီဘက်က လုံးဝ လက်ခံလာတာပဲ ဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံတကာကနေ ဖိအားပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ခံတွေ့ဆုံခွင့် ရရှိရေးနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က ပေါ့နော်၊ ဒါကို တွေ့ဆုံခွင့်ပေးခြင်းအားဖြင့်ပေါ့နော်။ တစ်နည်းအားဖြင့် ဖြေလျှော့မှုတစ်ခုကို ပြုလုပ်ပေးခြင်းအားဖြင့် အနောက်နိုင်ငံနဲ့ ပိုပြီးတော့မှ ထိတွေ့ဆက်ဆံမှုကို စတင်လိုက်တဲ့ ပထမခြေလှမ်းလို့ ဒီလိုတော့ ကျနော် သုံးသပ်ယူဆမိပါတယ်” ဟု ပြောသည်။
စစ်အာဏာသိမ်း ၅ နှစ်အတွင်း စစ်အုပ်စုသည် အာဆီယံအပါအဝင် ကုလသမဂ္ဂစင်မြင့်ထက်တွင် ကိုယ်စားလှယ် ခန့်အပ်နိုင်ခြင်း မရှိသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ယခုကဲ့သို့ နိုင်ငံရေးအရ အရွေ့တစ်ခုကို ဖန်တီးခြင်းလည်း ဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
စစ်အုပ်စုသည် အာဏာသိမ်းပြီး ၂၀၂၅ – ၂၀၂၆ ခုနှစ်အတွင်း တရားမဝင်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အသွင်ပြောင်းလဲ၍ အစိုးရပုံစံဖွဲ့စည်းလာမှုကို တရားဝင်မှုဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ဆက်၍အသုံးချသွားမည်ဟု ယူဆကြောင်း ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။
“လက်ရှိ ပြည်တွင်းမှာဆိုရင် တိုင်းရင်းသားတပ်တွေနဲ့ အပစ်ရပ်မယ်။ ငြိမ်းချမ်းရေးစကားပြောမယ်၊ ပြီးရင် ဖွဲ့စည်းပုံပြင်ပြီးတော့ တိုင်းရင်းသားတွေကို နယ်ပယ်တွေပေါ့နော် နယ်မြေတွေ ခွဲဝေပေးလိုက်မယ့် အနေအထား ပြီးရင် သူတို့ တရားဝင်မှုဖြစ်ဖို့အတွက် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ သူတို့ကို အသိအမှတ်ပြုလာအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းတွေကို ဆက်ပြီးတော့ သုံးသွားမယ့်အနေအထားမျိုးလို့တော့ မှန်းဆပါတယ်ဗျ” ဟု ပြောသည်။
စစ်အုပ်စုက မတရားဖမ်းဆီးထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရန် ဒီမိုကရေစီအင်အားစုများ၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းများက တောင်းဆိုလျက်ရှိနေသည်။


