တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်းရှိ ပျူစောထီးခေါင်းဆောင် နေအိမ်တစ်အိမ်မှ လက်လုပ်သေနတ်များအပါအဝင် ခဲယမ်း၊ ကျည်ဆန်နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
သတင်းရရှိချက်အရ ဇူလိုင်လ ၃၀ ရက်နေ့တွင် ခမောက်ကြီးမြို့နယ်၊ နမ္မနွယ်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ကိုသက်ဦးနေအိမ်ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး လက်နက်ပစ္စည်းများ သိမ်းဆည်းခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့က သတင်းရလို့ သွားရှာကြတာပါ။ ဟိုရောက်တော့ လက်နက်ခဲယမ်းတွေ၊ အသုံးအဆောင်တွေ အများအပြားကို နေရာခွဲပြီး သိုဝှက်ထားတာ တွေ့ခဲ့ပြီးတော့ သိမ်းဆည်းလာခဲ့တာ။ အိမ်မှာတော့ သူတို့မိသားစုဝင်တွေ ရှိတယ်။ ကျနော်တို့ ဘာမှမလုပ်ခဲ့ဘူး” ဟု ဆိုသည်။
နေအိမ်အတွင်း M 16 ကျည်ဘောက် ၂ ခု၊ M 16 ကျည် ၇၂ တောင့်၊ AK ကျည် ၁၃ တောင့်၊ 9 mm ကျည်ဘောက် ၁ ခု၊ တူမီးသေနတ် ၁ လက်၊ .22 လက်လုပ် ၁ လက်၊ .22 ကျည် ၅၀ တောင့်၊ လက်ထိပ် ၃ ကွင်း၊ ဆက်သွယ်ရေးစက် ၄ လုံး၊ စစ်ယူနီဖောင်း ၂၅ စုံ၊ ဦးထုပ် ၂၆ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
ပျူစောထီးခေါင်းဆောင် ကိုသက်ဦးသည် ပြီးခဲ့သည့် ၉ လကျော်ကပင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပစ်ခတ်ရှင်းလင်းမှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာက ပျူစောထီးခေါင်းဆောင် ကိုသက်ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး တပ်ရင်းသို့ ခေါ်ဆောင်လာစဉ် လမ်းတစ်နေရာတွင် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ဆိုသည်။
ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ကော့သောင်းခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် မကြာခဏ တိုက်ပွဲဖော်ဆောင်နေသလို စစ်တပ်လက်အောက်ခံရှိ ပျူစောထီးခေါင်းဆောင်၊ အုပ်ချုပ်ရေးမှူးနှင့် မူးယစ်ဆေးဝါးဂိုဏ်းများကို စစ်ရေးအရ အရေးယူမှုများ လုပ်ဆောင်နေကြောင်းလည်းသိရသည်။



