Homeသတင်းမွန်ပြည်သစ်ပါတီ (NMSP) အပါအဝင် EAO အဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ဟု စစ်အုပ်စု ပြော

မွန်ပြည်သစ်ပါတီ (NMSP) အပါအဝင် EAO အဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ဟု စစ်အုပ်စု ပြော

-

မွန်ပြည်သစ်ပါတီ (NMSP) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) အဖွဲ့ ၁၃ ဖွဲ့နှင့် ငြိမ်းချမ်းရေး ‌တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်ဟု အာဏာသိမ်းစစ်အုပ်စုမှ ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

အာဏာသိမ်း စစ်အုပ်စု၏ ခေါင်းဆောင်ဖြစ်သူ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ ရက် ၁၀၀ စီမံချက်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) များအား ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခဲ့ပါသည်။

ထို့ကြောင့် ယနေ့ (ဇူလိုင်လ ၃၁ ရက်) တွင် ရက် (၁၀၀) ပြည့်ခဲ့ပြီဖြစ်ပြီး အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ထာဝရ ဖွင့်လှစ်ထားရှိပြီဆိုတဲ့ ခံယူချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO အားလုံးကို တွေ့ဆုံဆွေးနွေးဖို့ အမြန်ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ အဖွဲ့တွေအားလုံး မည်သည့် ကြိုတင်ကန့်သတ်ချက်ကိုမှ မထားဘဲ တွေ့ဆုံဆွေးနွေးကြဖို့ EAO တွေကို ငြိမ်းချမ်းရေးအတွက် ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်” ဟု ဦးမင်းအောင်လှိုင်က ပြောသည်။

ဦးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ တွေ့ဆုံခဲ့ကြသည်။

အလားတူ NCA အပစ်ရပ် လက်မှတ် မရေးထိုးရသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလား၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K) တို့ တွေ့ဆုံခဲ့သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် နယ်မြေအများအပြား လက်လွှတ်ခဲ့ရသည့် စစ်အုပ်စုသည် ပြည်သူ့စစ်မှုထမ်း ဥပဒေကို မတရားပြဌာန်း၍ တပ်သားသစ်အများအပြားကို စုဆောင်းခဲ့ပြီး လက်ရှိတွင် အဆိုပါ ဥပဒေကို ဆက်လက်ကျင့်သုံးမည်ဟု ဦးမင်းအောင်လှိုင်က ဆက်ပြောသည်။

“နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေး စွမ်းပကားနဲ့ လုံခြုံရေး စွမ်းမကားရရှိစေဖို့အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းကာ အာဏာတည်စေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၊ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့သည် စစ်အုပ်စု၏ အတုအယောင် ငြိမ်ချမ်းရေး ကမ်းလှမ်းမှုကို လက်မခံဘဲ စစ်အုပ်စုအား ဆန့်ကျင်တိုက်ခိုက်လျက်ရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts