ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီတစ်ခုတွင် မြန်မာနိုင်ငံဘက်သို့ တရားမဝင် ပို့ဆောင်မည့် ဒရုန်းနှင့် ဆက်စပ်ပစ္စည်းအများအပြားကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဒရုန်းနှင့် စစ်ဘက်သုံးအသွင်ပြောင်း ဆက်စပ်ပစ္စည်းများ မဲဆောက်မြို့ရှိ ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီတစ်ခုတွင် ရောက်ရှိနေကြောင်း ထိုင်းအာဏာပိုင်များက သတင်းရရှိခဲ့သဖြင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့သည်။
ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ရာတွင် ဂျပ်ဖာသေတ္တာကြီး ၂ ခုဖြင့် စနစ်တကျ ထုတ်ပိုးထားသည့် ဒရုန်းများနှင့် ဆက်စပ်ပစ္စည်း အများအပြားကို စတင်တွေ့ရှိခဲ့ပြီး၊ ပစ္စည်းပို့ဆောင်သူနှင့် လက်ခံမည့်သူ၏ လိပ်စာများကို အသေးစိတ် စိစစ်ရာတွင် အဆိုပါပစ္စည်းများကို လက်ခံမည့်သူမှာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်နေသည်ကို သိရှိခဲ့ရသည်။

သတင်းအချက်အလက်အရ ထိုင်းအာဏာပိုင်များသည် ပစ္စည်းလာရောက်ထုတ်ယူမည့်သူကို ဖမ်းဆီးနိုင်ရန်အတွက် မဲဆောက်မြို့၊ အာရှလမ်းမကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် စောင့်ဆိုင်းနေရာမှ ပစ္စည်းလာယူသည့် မြန်မာနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။
၎င်းကို ဖမ်းဆီးရမိပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူ နေထိုင်သည့် အခန်းကို ဆက်လက်ဝင်ရောက် ရှာဖွေခဲ့ရာတွင် နောက်ထပ် ဂျပ်ဖာ ၁ ခုနှင့် ထုတ်ပိုးထားသည့် ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများတွင် တပ်ဆင်ပြီးသား FPV အမျိုးအစား ဒရုန်း ၄ စင်း၊ တပ်ဆင်ထားခြင်းမရှိသေးသည့် ဒရုန်း ၇ စင်းအပြင်၊ ဒရုန်းမောင်းနှင်ရာတွင် အသုံးပြုသည့် အဝေးထိန်းခလုတ်များ၊ အချက်ပြလွှင့်စက်များနှင့် အခြားဆက်စပ်ပစ္စည်းများလည်း ပါဝင်နေသည်။
စစ်ဆေးမေးမြန်းမှုများအရ ဖမ်းဆီးခံရသူသည် မဲဆောက်မြို့တွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား ဖြစ်ပြီး၊ ၎င်းက အဆိုပါပစ္စည်းများသည် ချင်းမိုင်မြို့မှတစ်ဆင့် မဲဆောက်သို့ ပို့ဆောင်လာခြင်းဖြစ်ကြောင်း၊ ဂျပ်ဖာများထဲတွင် မည်သည့်ပစ္စည်းပါသည်ကို မသိရှိကြောင်းနှင့် အခကြေးငွေရရှိ၍ လာရောက်ထုတ်ယူပေးခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။
လက်ရှိအချိန်တွင် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားကို မဲဆောက်ရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး၊ ထိုင်းနိုင်ငံတည်ဆဲဥပဒေများဖြစ်သော အကောက်ခွန်ဥပဒေနှင့် ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေးပစ္စည်းများ လက်ဝယ်ထားရှိမှု ဥပဒေများအရ ထိုင်းအာဏာပိုင်များက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။



