Homeသတင်းထိုင်းကုန်စည်ပစ္စည်းများကို ဈေးကွက်အထိ ဖမ်းဆီးမှုတင်းကြပ်

ထိုင်းကုန်စည်ပစ္စည်းများကို ဈေးကွက်အထိ ဖမ်းဆီးမှုတင်းကြပ်

-

မွန်ပြည်နယ်၊ မြို့နယ်အချို့တွင် စစ်ကော်မရှင်၏ လက်အောက်ခံအဖွဲ့စုံမှ ထိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချနေသည့် နေအိမ်နှင့် အရောင်းဆိုင်များသို့ ယခုဇူလိုင်လအတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။

နယ်စပ်လမ်းကြောင်းမှ တင်သွင်းလာသော ထိုင်းကုန်စည်များကို လမ်းပိုင်းမှစောင့်ဆိုင်းဖမ်းဆီးမှုများအပြင် မွန်ပြည်နယ်တွင် ရှောင်တခင်နည်းဖြင့်ဈေးကွက်အတွင်း ဖမ်းဆီးစစ်ဆေးမှုများ တင်းကြပ်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက သံဖြူဇရပ်တွင် ထိုင်းကုန်ပစ္စည်း ရောင်းချနေသည့် ဆိုင်နှစ်ဆိုင်မှ ကုန်ပစ္စည်းများကို တရားမဝင် အခွန်လွတ်ပစ္စည်းများဟုဆိုကာ ညပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်သိမ်းဆည်းမှုလုပ်ဆောင်ခဲ့သည်။

“ ဒီပစ္စည်းတွေကို သယ်လာဖို့အတွက်လည်း ဂိတ်တွေမှာ ပိုက်ဆံပေးထားပြီးသားပဲ မနည်းဘူး။ စစ်တပ်ကလည်း ဘယ်သူတွေ ဘယ်အိမ်ဒီလိုရောင်းနေဆိုတာ သိပ်ပြီးသားပဲ။ ဖာအလိုက် ထိုင်းကုန်တွေကို သူတို့ယူသွားလိုက်တယ်ပေါ့။ ဆီတွေ၊ အချို့မှုန့်တွေ၊ ဆပ်ပြာမှုန့် တန်ဖိုးကြီးတဲ့ဟာတွေပဲ အကုန်သိမ်းသွားတယ်” ဟုပြောသည်။

မိုးတွင်းကာလဖြစ်ခြင်းကြောင့် လမ်းအပျက်အစီးများကြားမှ ခက်ခက်ခဲခဲ သယ်ဆောင်ရသည့်အပြင် စစ်ကောင်စီလက်အောက်ခံ ဂိတ်များထံ ငွေကြေးအဆမတန်ပေးဆောင်ပြီးမှ ဖြတ်သန်းနေရသဖြင့် ယခုကဲ့သိုး ဖမ်းဆီးခံနေရခြင်းအပေါ် နစ်နာဆုံးရှုံးမှုများနေကြောင်းလည်း ကုန်သည်များက ပြောသည်။

ထိုင်းကုန်ပစ္စည်းတင်သွင်းရန် နယ်စပ်လမ်းပိုင်းရှိ စစ်တပ်ဂိတ်အဆင့်ဆင့်ထံ ဂိတ်ကြေးပေးဆောင်၍ နားလည်မှုဖြင့် တင်သွင်းခွင့်ပြုထားသော်လည်း တစ်ဖက်တွင်လည်း ဈေးကွက်အတွင်း အချိန်မရွေး ဝင်ရောက် ဖမ်းဆီးနေသည်။

ထို့ကြောင့် ဆိုင်အများစု ပိတ်ထားရပြီး ထိုင်းစားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းနှင့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်လာနေကြောင်း သုံးစွဲသူများထံမှ သိရသည်။

မွန်ပြည်နယ်တွင် ခရီးသည် ပို့ဆောင်ရေး မှန်လုံယာဉ်များကိုလည်း ထိုင်းကုန်ပစ္စည်းများကို သယ်ဆောင်ပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဟုလည်း ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သတိပေးစာ ပေးပို့ထားကြောင်းလည်း ခရီးသည်တင်ယာဉ်လိုင်းများမှ သိရသည်။

ဖမ်းဆီးစစ်ဆေးမှုများကို စစ်ကော်မရှင် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့အပြင် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့များလည်း ဖမ်းဆီးနေသည်။

ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်မောင်းတစ်ဦးနှင့် တက်တူကုန်းကျေးရွာနေ ခွန်ထက်ဦးတို့ကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားက ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း KNU မှ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts