မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ဆေးကုသခွင့်မရရှိဘဲ မတရား ဖမ်းဆီး ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦး ရှိသည် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။
အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဆိုးရွားလှသော ထောင်တွင်းအခြေအနေများနှင့်အတူ နိုင်ငံရေးအကျဉ်းသားများ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ကာ သေဆုံးမှုနှုန်း မြင့်တက်လျက်ရှိသည်ဟု PPNM က ဆိုသည်။
PPNM ၏ ကောက်ယူရရှိထားသော အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် မေလအထိ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်ပေါင်း ၃၂ ခု၌ လုံလောက်သော ဆေးကုသခွင့်မရရှိဘဲ မတရားဖမ်းဆီးထိန်းသိမ်းခံရစဉ် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦး ရှိသည်။

သေဆုံး နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦးအနက် အမျိုးသား ၈၆ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၃ ရာခိုင်နှုန်းနှင့် LGBT ၁ ရာခိုင်နှုန်းရှိသည်ဟု PPNM က ထုတ်ပြန်ထားသည်။
သေဆုံးသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် အသက် ၃၆ နှစ်မှ ၅၅ နှစ်ကြားရှိ လုပ်ငန်းခွင်ဝင်နိုင်သည့် လူကြီးပိုင်းအရွယ်များ အများဆုံးဖြစ်ပြီး၊ အသက် ၁၇ နှစ်အောက် ကလေးနှင့် လူငယ် ၂ ဦးအပြင် အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။
အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို ဒုတိယဦးစားပေးအဆင့်သာ သတ်မှတ်ထားခြင်းနှင့် အချိန်မီ ဆေးကုသခွင့် ကန့်သတ်ထားခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသားများသည် ကာကွယ်ကုသ၍ရသော အခြေအနေများဖြင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု PPNM က ဆိုထားသည်။
အဓိက သေဆုံးရသည့်အကြောင်းအရင်းများမှာ နှလုံးရောဂါ၊ အသည်းပျက်စီးခြင်း၊ သွေးတိုး၊ ဆီးချိုနှင့် ကင်ဆာ၊ နာတာရှည်ရောဂါများကြောင့် သေဆုံးမှု ၆၄ မှု ဖြင့် အများဆုံးဖြစ်ပြီး၊ အောက်ဆီဂျင်ပြတ်လပ်မှု၊ ကိုဗစ်-၁၉၊ သွေးဆိပ်သင့်မှုနှင့် တီဘီရောဂါကဲ့သို့သော ကူးစက်တတ်သည့် စူးရှပြင်းထန်ရောဂါများကြောင့် သေဆုံးမှု ၁၆ မှု၊
ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရမှု ၇ မှုအပြင်၊ အစာအိမ်ရောဂါ၊ အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်ခြင်းနှင့် အူအတက်ပေါက်ခြင်းစသည့် အရေးပေါ်ခွဲစိတ်ကုသရန်လိုအပ်သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ပြင်းထန်သော ဖျားနာမှုနှင့် အာဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့ကြရသည်။
သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားအများစုမှာ ပြစ်ဒဏ်သက်တမ်း ၃ လမှ ၅ နှစ်ကြား ကျခံနေရသူများနှင့် အမှုရင်ဆိုင်ဆဲ အချုပ်သားများဖြစ်ကြပြီး စစ်အုပ်စု တော်လှန်ရေးအရှိန်အဟုန် နှိမ်နင်းရန် အသုံးချနေသည့် မတရားပုဒ်မများအောက်တွင် ဖမ်းဆီးခံထားရသူများ ဖြစ်သည်။
စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများ လုံလောက်သော ဆေးကုသမှုရရှိသည်ဟု နိုင်ငံတကာသို့ လူသိရှင်ကြား လိမ်လည်ပြောဆိုနေကြောင်းကို ထောင်တွင်းဆေးဝါးမလုံလောက်မှုနှင့် ကုသမှု နှောင့်နှေးမှုများက အထင်အရှား သက်သေပြနေသည်ဟု PPNM က ထုတ်ပြန်သည်။



