Homeသတင်းမူးယစ်ဆေးဝါးကိစ္စဖြင့် ထိန်းသိမ်းခံထားရသည့် ကျိုက်မရောလူငယ် ၃ ဦး  ပြန်မလွတ်သေး

မူးယစ်ဆေးဝါးကိစ္စဖြင့် ထိန်းသိမ်းခံထားရသည့် ကျိုက်မရောလူငယ် ၃ ဦး  ပြန်မလွတ်သေး

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာမှ မူးယစ်ဆေးဝါးကိစ္စဖြင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ထံ ဖမ်းဆီးခံထားရသည့် မွန်လူငယ် ၃ ဦး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း မိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။

DKBA တပ်ဖွဲ့ဝင်များမှ  ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့က မူးယစ်ဆေးဝါးသုံးစွဲနေသည့် တရနာရွာခံ လူငယ် ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် ဇူလိုင် ၆ ရက်နေ့က လူငယ်တစ်ဦး သေဆုံးသွားခဲ့ရသည်။

ယနေ့အထိ ထိန်းသိမ်းထားဆဲဖြစ်သည့်  မွန်လူငယ် ၃ ဦးနှင့် ပတ်သက်၍ မိသားစုများထံ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိသည့်အပြင် တွေ့ဆုံခွင့်လည်း မရသေးကြောင်း မိသားစုနှင့် နီးစပ်သည့် ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။

“ဒီနေ့ထိ မလွတ်သေးဘူး။ စစဖမ်းတုန်းက တခါပဲ တွေ့ရတယ်။ အဲ့တုန်းက သူတို့တွေ ဖုန်းနံပါတ် ယူထားပြီး တစ်ခုခုဖြစ်ရင် ဖုန်းဆက်မယ်၊ အကြောင်းပြန်မယ်ပေါ့၊ ဒါမဲ့ ဒီနေ့ထိ ဘာဖုန်းမှလည်း မဆက်ဘူး။ တွေ့လည်းမတွေ့ရဘူး”ဟု ၎င်းက ဆိုသည်။

ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာရှိ DKBA တပ်စခန်းတွင် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်ဟု သိရပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး မိသားစုဝင်များက စိုးရိမ်နေကြသည်။

ကျိုက်မရောဒေသအတွင်း မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သတ်၍ DKBA အဖွဲ့မှ မကြာခဏ ဖမ်းဆီးမှုလုပ်ဆောင်လေ့ရှိသော်လည်း အမှုဖွင့် စစ်ဆေးခြင်း၊  ပြစ်ဒဏ် အဆုံးအဖြတ်ပေးခြင်းများကို သက်ဆိုင်ရာ အုပ်ထိန်းသူများထံ အကြောင်းကြားလေ့ရှိကြောင်း ဆိုသည်။

“မူးယစ်ဆေးဝါးအမှုဆိုရင် ဖမ်းပြီးထိန်းသိမ်းထားတယ်။ ပြီးရင် အမှုတွေချပြီးမှ ဘာက ဘယ်လိုဖြစ်မလဲ သိရတယ်။ ဒါမဲ့ ဒီတခါတော့ ဘယ်လိုဖြစ်မလဲ မသိနေဘူး။"ဟု အခြား ဒေသခံတစ်ဦးက ဆိုသည်။

သေဆုံးသွားသည့် လူငယ်အပါအဝင် ဖမ်းဆီးခံရသူများကို ပြန်လည်လွှဲပြောင်းပေးရန် ရာမညမွန်တပ်တော် RMA က DKBA တာဝန်ရှိသူများထံ ဆက်သွယ်အကူအညီ တောင်းခံနေသော်လည်း လွှဲပြောင်းပေးခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလက DKBA ၊ ဒေါနအနောက်ခြမ်း အမှတ် (၂) ကွပ်ကဲရေး နည်းဗျူဟာ(၂) မှ ဒေသအတွင်း မည်သူမဆို တရားမဝင်မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအား လက်ဝယ်ထားရှိခြင်း၊ ဖြန်ဖြူးရောင်းချခြင်း၊ တစ်စုံတစ်ရာ ပြစ်မှုထင်ရှားကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ်မှ ၆ နှစ်အထိ အပြစ်ပေးအရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသေးသည်။

ဖမ်းဆီးထိန်းသိမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ DKBA ဘက်မှ သဘောထားကို သိရှိနိုင်ရန် IMNA က ဆက်သွယ် မေးမြန်းနေဆဲဖြစ်ပြီး၊ တုံ့ပြန်ချက်ရရှိပါက ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts