၂၀၂၆ ခုနှစ်၊ နှစ်ဝက်ကာလသို့ ရောက်ရှိလာချိန်အထိ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွင် ဆက်ရှိနေပြီး နိုင်ငံတကာမှ ဘဏ္ဍာရေးအထောက်အပံ့များလည်း လိုအပ်ချက် မြင့်တက်လာနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) မှ ဇူလိုင် ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။
မြန်မာတွင် နေရပ်စွန့်ခွာနေရသူ ၃ ဒသမ ၈ သန်း ရှိသည်ဟု UNOCHA Myanmar မှ ခန့်မှန်းထားပြီး အများစုတို့သည် အကြိမ်ကြိမ်နေရပ်စွန့်ခွာ ထွက်ပြေးသူများဖြစ်ကာ ပဋိပက္ခများလည်း ဆက်လက်ဖြစ်ပေါ်နေသဖြင့် နေရပ်စွန့်ခွာမှုအသစ်များလည်း ရှိနေသည်။

မကြာသေးမီက မကွေးတိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်ထပ်မံစွန့်ခွာခဲ့ရသည်။
UNOCHA မှ လောင်စာဆီ ခွဲတမ်းရရှိခြင်းနှင့် လျှပ်စစ်မီး မတည်ငြိမ်ခြင်းများကြောင့် ပဋိပက္ခဒဏ်ခံနေရသော ဒေသများရှိ ကျန်းမာရေးဌာနများ၊ ရေပေးဝေရေးစနစ်များနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ထိခိုက်နေပြီး လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် ကုန်ကျစရိတ်များ မြင့်တက်လာနေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ပြီးခဲ့သည့် မတ်လအထိ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် အကူအညီပေးရန် လျာထားသည့် လူဦးရေ ၄ ဒသမ ၉ သန်းအနက် ဦးစားပေး လူဦးရေ ၈၃၂,၀၀၀ အပါအဝင် ၁ ဒသမ ၆ သန်းကို အကူအညီပေးနိုင်ခဲ့သည်။
သို့ရာတွင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ သွားလာလှုပ်ရှားခွင့် ကန့်သတ်ထားခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ ခွင့်ပြုချက်များ၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များကြောင့် ပြည်သူများထံ လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိရန် ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေအနေများကြောင့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ထိခိုက်လွယ်ပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများကို ဘေးကင်းလုံခြုံစွာ အစဉ်ဆက်မပြတ်နှင့် အတားအဆီးမရှိ ရောက်ရှိပေးအပ်နိုင်ရေး အရေးတကြီးလိုအပ်နေကြောင်း UNOCHA မှ အလေးပေး ပြောဆိုထားသည်။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးအပ်ရန် ရန်ပုံငွေ၏ ၄၃ ရာခိုင်နှုန်းကိုသာ ရရှိသေးသဖြင့် အလှူရှင်များ၏ ပံ့ပိုးမှုများ စဉ်ဆက်မပြတ် လိုအပ်နေသေးကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။




