ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချတူချတ်ခရိုင် “Na Ladprao” အမည်ရှိ စားသောက်ဆိုင်နှင့် တေးဂီတဖျော်ဖြေရေးဆိုင် (ဘား) တွင် ပြင်းထန်သော မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၂၇ ဦး သေဆုံးပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မီးလောင်မှုသည် တနင်္ဂနွေနေ့ ည ၁၁ နာရီ ၅၇ မိနစ်အချိန်ခန့်၊ ဆိုင်အတွင်း လာရောက်အပန်းဖြေသူများ ပြည့်နှက်နေချိန် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ သတင်းရရခြင်း မီးသတ်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေးယာဉ်အများအပြား ချက်ချင်းလာရောက် ငြိမ်းသတ်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် မီးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း အသေအပျောက် များပြားခဲ့ရသည်။

စုံစမ်းစစ်ဆေးချက်များနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ စင်မြင့်အနီးရှိ လျှပ်စစ်မိန်းခလုတ် (Circuit Breaker) မှ ဝါယာရှော့ဖြစ်ကာ ပေါက်ကွဲမှု စတင်ခဲ့ပြီးနောက်၊ မီးသည် ဆိုင်မျက်နှာကျက်ရှိ အသံလုံအလှဆင်ပစ္စည်းများသို့ အလျင်အမြန် ကူးစက်ပျံ့နှံ့သွားကာ ဆိုင်တစ်ခုလုံးကို မီးခိုးလုံးကြီးများ ဖုံးလွှမ်းသွားခဲ့ခြင်း ဖြစ်ပါသည်။
မီးလောင်မှု စတင်ချိန်တွင် ဆိုင်အတွင်း လျှပ်စစ်မီးများ အားလုံး ပြတ်တောက်ကာ မှောင်အတိကျသွားသဖြင့် လာရောက်သူများ ထိတ်လန့်တကြား အသက်လု ထွက်ပြေးခဲ့ကြရသော်လည်း၊ အရေးပေါ်ထွက်ပေါက်များ ပိတ်ဆို့နေခြင်းနှင့် လမ်းကြောင်းရှာမတွေ့ခြင်းတို့ကြောင့် လူအများအပြား ပိတ်မိခဲ့ရကြောင်း ဆိုသည်။
သေဆုံးသူ ၂၇ ဦးအနက် အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၁၀ ဦး ပါဝင်ပြီး၊ ၎င်းတို့သည် မီးလောင်ရာမှ ထွက်လာသည့် အဆိပ်ရှိ မီးခိုးမည်းများကို အလွန်အမင်း ရှူမိခြင်းကြောင့် မွန်းကျပ်ကာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သလို သေဆုံးသူအများစု၏ ရုပ်အလောင်းများကိုလည်း ဆိုင်နောက်ဘက်ရှိ ထွက်ပေါက်မရှိသော သန့်စင်ခန်းများအတွင်း စုပုံလျက် တွေ့ရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦးတွင် မီးလောင်ဒဏ်ရာပြင်းထန်သူများနှင့် မီးခိုးမွန်းကျပ်သူများ ပါဝင်သဖြင့် ၎င်းတို့ကို အနီးနားရှိ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရပြီး၊ ဆေးရုံတင်ထားရသူများအနက် လူ ၂၀ ကျော်မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသောကြောင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာမည်ကို စိုးရိမ်နေကြရသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul အပါအဝင် ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt တို့က အခင်းဖြစ်ပွားရာနေရာသို့ ကိုယ်တိုင်လာရောက် စစ်ဆေးခဲ့သည်။
ဆိုင်ပိုင်ရှင်နှင့် တာဝန်ရှိသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူရန်နှင့် ဘေးကင်းလုံခြုံရေး စံနှုန်းများ ပျက်ကွက်မှု ရှိ မရှိကို အသေးစိတ် စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်များက သေဆုံးသူများ၏ ရုပ်အလောင်းများကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဆောင်ရွက်နေပြီး၊ မီးလောင်ရသည့် တိကျသောအကြောင်းရင်းကို ဆက်လက်ဖော်ထုတ်နေဆဲ ဖြစ်သည်။
ယခုမီးလောင်မှုတွင် မြန်မာနိုင်ငံသားများ သို့မဟုတ် နိုင်ငံခြားသားများ ထိခိုက်သေဆုံးမှု ရှိ မရှိကိုလည်း သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်ကာ စိစစ်လျက်ရှိကြောင်း သိရသည်။
ကိုးကား_ The Thaiger, The reporter



