၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ၆ လတာအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း အမျိုးသမီး (၃၃၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ Burmese womens union (BWU) မှ ဇူလိုင် ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်အုပ်စုမှ အစိုးရတစ်ရပ် ပုံဖော်နေစဉ် လေကြောင်းတိုက်ခိုက်ခြင်း၊ ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း အစရှိသည့် အကြမ်းဖက်လုပ်ရပ်များကို အစဉ်ဆက်မပြတ် လုပ်ဆောင်နေသည်။

အကြမ်းဖက်လုပ်ရပ်များအတွင်း သေဆုံးခဲ့ရသူ အမိန်းသမီးများတွင် အသက် ၁၈ နှစ်အောက် ၅၈ ဦး၊ ကိုယ်ဝန်ဆောင် ၁၀ ဦးနှင့် မသန်စွမ်းသူ တစ်ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀၆ ဦးရှိသည်ဟု ထုတ်ပြန်သည်။
လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး လက်နက်ကြီး၊ သတ်ဖြတ်ခံရမှုအပြင် မြေမြှုပ်မိုင်းထိခိုက်မှု၊ ကျည်ထိမှန်မှု၊ မီးရှို့သတ်ဖြတ်မှု၊ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသည်ဟု သိရသည်။
BWU ၏ အချက်အလက်များအရ စစ်ကိုင်းတိုင်းတွင် ၁၀၂ ဦး၊ ပဲခူးတိုင်းတွင် ၄၇ ဦးနှင့် ရခိုင်ပြည်နယ်မှ ၄၁ ဦး၊ မွန်ပြည်နယ်တွင် ၁၁ ဦး၊ ကရင်ပြည်နယ် ၁၇ ဦး၊ တနင်္သာရီတိုင်းတွင် ၁၅ ဦး အခြားသော ပြည်နယ်များအပါအဝင် စုစုပေါင်း ၃၃၂ ဦး ပါဝင်သည်။
(BWU) မှ စစ်အုပ်စု၏ ပြစ်ဒဏ်မှ အလုံးစုံကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန်နှင် လူ့အခွင့်အရေးချိုးဖောက်မှုများ ချက်ချင်းရပ်တန့်ရန် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အရေးပေါ်လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
ထို့ပြင် တရားဝင်အစိုးရအဖြစ် ၎င်းတို့ထံ ငွေကြေးစီးဆင်းစေမည့် ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့မှုများကို ချက်ချင်းရပ်ဆိုင်းရန်၊ စစ်အုပ်စု၏ လက်နက်ခဲယမ်းနှင့် လေယာဉ်ဆီများ မရောက်ရှိစေရန် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြဌာန်းပြီး အရပ်သားများအပေါ် တိုက်ခိုက်နေမှုကို ဖိအားပေးရပ်တန့်စေရန်လည်း တိုက်တွန်းသည်။



