ထိုင်း-မြန်မာနယ်စပ်၊ မြဝတီတောင်ပိုင်း၊ ဖလူးနှင့် မင်းလက်ပံဒေသ ထိန်းချုပ်နိုင်ပါက နယ်မြေခွဲတမ်းပေးမည်ဟု စစ်ကော်မရှင်က ၎င်းတို့နှင့်နီးစပ်သည့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့ထံ မက်လုံးပေး စည်းရုံးထားကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ဖလူးနှင့် မင်းလက်ပံဒေသတိုက်ပွဲအတွင်း တပ်မ (၂၂) လက်အောက်ခံတပ်များ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၃ လက်အောက်ခံတပ်များ၊ ပြည်သူ့စစ်မှုထမ်းများအပြင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA နှင့် ကရင်နယ်ခြားစောင့်တပ် BGF တပ်နယ် ၄ လက်အောက်ခံတပ်များ ပူးပေါင်းပါဝင်နေကြောင်း စုံစမ်းသိရှိရသည်။
မက်လုံးပေးစည်းရုံးထားသဖြင့် ဗိုလ်ဘိဦးဆောင်သည့် DKBA နှင့် ဗိုလ်မုတ်သုန် ဦးဆောင်သည့် BGF အဖွဲ့တို့ အင်အားအလုံးအရင်း အသုံးပြုပြီး ပူးပေါင်းလှုပ်ရှားနေကြောင်း မြဝတီဒေသရှိ တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ သူတို့ကို နယ်မြေခွဲတမ်းပေးမယ်လို့ စစ်ကော်မရှင်က မက်လုံးပေး စည်းရုံးထားတယ်လို့ ကျနော်တို့ သိထားတယ်။ အဲဒါကြောင့် ဒီအဖွဲ့တွေ ပူးပေါင်းလိုက်တာ။ စစ်ကော်မရှင်တပ်တွေပဲဆိုရင် မနိုင်ဘူးဆိုတာ သူတို့သိတယ်။ အခုတော့ နယ်မြေခံအဖွဲ့တွေပါ ပူးပေါင်းလာလို့ မင်းလက်ပံအထိ အင်အား ၃၀၀ လောက်နဲ့ ဝင်ရောက်လာနေပြီ။ ” ဟု ၎င်းက ပြောသည်။
စစ်တပ်အဖွဲ့မှ မြဝတီတောင်ပိုင်းဒေသသို့ အင်အားထောင်နှင့်ချီ စစ်ကြောင်းထိုးနေကြောင်း ပြောဆိုခြင်းသည်လည်း မှန်ကန်ခြင်းမရှိကြောင်းနှင့် မြေပြင်အင် အင်အားမှာ ၄၀၀ ကျော်ခန့်သာ ရှိကြောင်းလည်း ဆိုသည်။
တစ်ဖက်တွင်လည်း စစ်ကော်မရှင် စစ်ကူအဖွဲ့များ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများနေသည်။
“ နယ်မြေခံအဖွဲ့တွေကတော့ နယ်မြေခွဲတမ်းရဖို့အရေး သွေးကြွနေတုန်းပဲ။ သူတို့က နယ်စပ်ဒေသကို ထိန်းချုပ်ချင်နေကြတာ။ မြဝတီ-ဝေါလေလမ်းကလည်း အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တယ်။ အဲဒီလမ်းကို ထိန်းချုပ်နိုင်ရင် စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး တရားမဝင်ကုန်သွယ်မှုတွေလည်း ဆက်လုပ်နိုင်မယ်” ဟု ၎င်းက ပြောသည်။
ယခင်ကလည်း ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် DKBA နှင့် BGF တပ်ဖွဲ့ဝင်များသည် စစ်ကော်မရှင်တပ်များနှင့်အတူ အင်အားဖြည့်ပူးပေါင်းပါဝင်လေ့ ရှိသည်။
ဖလူး၊ မင်းလက်ပံနှင့် မြဝတီတောင်ပိုင်း နယ်စပ်ဒေသများသည် ထိုင်း-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့်အတွက် ထိန်းချုပ်နိုင်ရေးသည် နှစ်ဖက်စလုံးအတွက် စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် ပစ်မှတ်တစ်ခုအဖြစ်ရှိနေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။
ယမန့်နေ ဇူလိုင် ၈ ရက်နေ့မနက်ပိုင်းအထိ မြဝတီတောင်ပိုင်းဒေသတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်း ဟွိုင်မဟာဝေါင်ရွာသို့ လက်နက်ငယ်ကျည်များ ကျရောက်ခဲ့သလို လက်နက်ကြီးဒဏ်ကြောင့် နေအိမ်များပင် တုန်ခါခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိုင်းစစ်တပ်ဘက်မှ နယ်စပ်လုံခြုံရေးတင်းကြပ်ထားပြီး လက်နက်များ ထိုင်းနယ်မြေသို့ ထပ်မံကျရောက်လာပါက ပြန်လည်ပစ်ခတ်ရန် ပြင်ဆင်နေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။



