မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဖြစ်ပွားနေသော လူသတ်မှု၊ ခိုးဆိုးလုယက်မှအပါအဝင် ဒုစရိုက်မှုများကို စစ်ကော်မရှင်တာဝန်ရှိသူများ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိကြောင်း မြို့ခံများ၏ ပြောပြချက်အရသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ-၂ ရက်နေ့က မော်လမြိုင် တောင်ရိုးတန်း View Pointတွင် အသက်(၄၅) နှစ်အရွယ် ဆိုင်ကယ်တက္ကစီယာဉ်မောင်းတစ်ဦး လည်ပင်းထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
လူသေဆုံးမှုနှင့်ပတ်သတ်၍ သီတင်းတစ်ပတ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကျူးလွန်သူကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တို့က ယနေ့အချိန်အထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ရဲတွေပြောပြချက်အရတော့ တရားခံကို မဖမ်းမိသေးဘူး။ စုံစမ်းစစ်ဆေးနေဆဲပေါ့။” ဟု မော်လမြိုင်မြို့ခံတစ်ဦးကဆိုသည်။
ဒုစရိုက်မှုကျူးလွန်သူ လွတ်မြောက်နေခြင်းကြောင့် မော်လမြိုင်မြို့၏ လုံခြုံရေးအခြေအနေအပေါ် မြို့ခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာလျက်ရှိသည်။
၎င်းအပြင် အမှုမှန်ဖော်ထုတ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ယူထားသည့် သက်ဆိုင်ရာအာဏာပိုင်များ၏ စုံစမ်းဖော်ထုတ်ခြင်းအပေါ် မေးခွန်းထုတ်မှုများ ပိုမိုကျယ်ပြန့်လာနေကြောင်း သိရသည်။
မြို့ခံများ၏ ပြောပြချက်အရ စစ်ကောင်စီလက်အောက်ရှိ ရဲတပ်ဖွဲ့များသည် ငွေကြေးပေးဆောင်နိုင်ခြင်းများအပေါ် မူတည်၍ အမှုကြီးငယ်များကို ဆက်လက်စုံစမ်းစစ်ဆေးပေးနေသဖြင့် ဒုစရိုက်ကိစ္စအများစုသည် အမှုဖွင့်မှတ်တမ်း အဆင့်တွင်သာ ရပ်တန့်သွားလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
“ပိုက်ဆံရှိမှ အမှုလိုက်လို့ရမယ်။ ငွေမပေးနိုင်ရင် ဘယ်ရဲအရာရှိမှ ကိုယ့်အမှုအတွက် အချိန်အကုန်မခံဘူး။ ဆိုင်ကယ်ပျောက်တယ် သွားတိုင်နေတာပဲ။ တစ်ခါမှ လိုက်ပေးတာမရှိဘူး။” ဟုမော်လမြို့နေ့ ဈေးကြိုရပ်ကွက်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
မော်လမြိုင်မြို့ပေါ်တွင် ဆိုင်ကယ်တက္ကစီမောင်းနှင်သူများ ပစ်မှတ်ထား ကျူးလွန်ခံရသည့် လုယက်မှုကိစ္စအများစုတို့ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးသဖြင့် ဒုစရိုက်ကောင်များ ပိုမိုအတင့်ရဲလာကြောင်းလည်း ဆိုသည်။
ယင်းအခြေနေကြောင့် တက္ကစီယာဉ်မောင်းများသည် အကွာအဝေးနှင့် ခရီးသည်အခြေအနေကို အထူးသတိပြု၍ လုပ်ငန်းလုပ်ကိုင်နေရကြောင်းလည်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ဒေသတွင် ဒုစရိုက်မှုများပေါများလာသည့်အပြင် ရေလုပ်သားအဖြစ်လူကုန်ကူးခံရမှုများ၊ စစ်မှုထမ်းတပ်သားသစ်အဖြစ် မတရားဖမ်းဆီးစုဆောင်းခံခဲ့ရသည့် လူငယ်အများအပြားရှိပြီး လုံခြုံရေးအခြေအနေ အဆိုးရွားဆုံးသို့ ရောက်ရှိနေသည်။



