Homeသတင်းKNU ထိန်းချုပ်နယ်မြေကို စစ်တပ်နှင့် BGF ပေါင်းပြီး ထိုးစစ်ဆင်နေ

KNU ထိန်းချုပ်နယ်မြေကို စစ်တပ်နှင့် BGF ပေါင်းပြီး ထိုးစစ်ဆင်နေ

-

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ဖလူးနှင့် မင်းလက်ပံဒေသသို့ စစ်ကော်မရှင်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF လက်အောက်ခံတပ်များ ပူးပေါင်းကာ အင်အားထောင်ချီ သုံး၍ ထိုးစစ်ဆင်နေကြောင်း KNLA သတင်းအရင်းအမြစ်ထံမှ သိရသည်။

ယမန်နေ့ မေလ ၇ ရက်နေ့ညတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ မှ ပစ်ကူပေးသည့် လက်နက်ကြီးအချို့ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲမှုများ ရှိသည်။

မင်းလက်ပံနှင့် ဖလူးဒေသကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေသည်မှာ လနှင့်ချီကြာနေပြီးဖြစ်သော်လည်း ယမန်နေ့ညတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းဖြစ်ကြောင်း မင်းလက်ပံရှိ KNLA ရဲဘော်တစ်ဦးက ပြောသည်။

“မင်းလက်ပံရွာထိပ်ကို စစ်တပ်ရောက်နေတာက ကြာပြီ။ အခုက သူတို့က အင်ကြင်းမြိုင်ရော၊ ထီးမယ်ဝါးခီးရော လေးကေ့ကော်ရော အဲဒီဘက်တွေကနေ အင်အားဖြည့်ပြီး ထိုးစစ်ပြန်စတာပေါ့။ အင်အားကတော့ ထောင်ဂဏန်းကိုရှိတယ်။ အဓိကက ဒေါနတောင်ခြေကို ခရီးဆက်မယ် အဲဒီကနေ ဝေါလေဘက် နယ်မြေစိုးမိုးရေး ပြန်လုပ်ဖို့ထင်တယ်”ဟု KNLA သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း ဟွိုင်မဟာဝေါင်ရွာသို့ လက်နက်ငယ်ကျည်များ ကျရောက်ခဲ့သလို လက်နက်ကြီးဒဏ်ကြောင့် နေအိမ်များပင် တုန်ခါခဲ့ကြောင်း သိရသည်။

ထိုင်းတော်ဝင်စစ်တပ်ဘက်က နယ်စပ်တွင် လုံခြုံရေးတင်းကြပ်ထားပြီး လက်နက်များ ထိုင်းနယ်မြေသို့ ထပ်မံကျရောက်လာပါက ပြန်လည်ပစ်ခတ်ရန် ပြင်ဆင်နေပြီဟု ထိုင်း Enquirer မီဒီယာက ရေးသားထားသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “တိုက်ပွဲက ပြင်းထန်နေတာ မှန်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါက ကျွန်တော်တို့ ပြောနေသလိုပဲ ရက်တစ်ရာ စီမံကိန်းအောက်မှာ သူတို့လက်လွှတ်ရတဲ့ နယ်မြေတွေကို ပြန်ရဖို့ ကြိုးစားတာလို့ပဲ ပြောရမှာပေါ့နော်။” ဟု IMNA သို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကစပြီး စစ်ကော်မရှင်က ဘားအံမြို့နယ်ရှိ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းများမှ စစ်လက်နက်ခဲယမ်းနှင့် စစ်အင်အားထောင်ချီ တင်ဆောင်လာသည့် စစ်ယာဉ်တန်း ရာချီတို့က သင်္ဃန်းညီနောင်အခြေစိုက် အမှတ် ၃၅၅ ခြေလျင်တပ်ရင်းသို့ ဆက်တိုက်ပို့ဆောင်ပေး နေသည်ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်က ဘားအံကနေ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို အသုံးပြုပြီး မြဝတီကို တက်နေတာ။ အခုချိန်အထိပဲ၊ ၁၂ ဘီးကားတွေ၊ ၆ ဘီးကား အကြီးအရှည်တွေနဲ့ လက်နက်ခဲယမ်းနဲ့ ကားတိုင်းမှာ လည်း စစ်အင်အားအပြည့်ပဲ။ ကော့ကရိတ်ကနေ မြဝတီဘက်ကို တက်နေတာက တစ်နေ့ကို ၆ စီး လောက် ရှိတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

လက်ရှိ တိုက်ပွဲများတွင် တပ်မ (၂၂) လက်အောက်ခံတပ်များ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၃ လက်အောက်ခံတပ်များ၊ ပြည်သူ့စစ်မှုထမ်းများအပြင် ဗိုလ်ဘိဦးဆောင်နေသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA နှင့် ဗိုလ်မုတ်သုန်ဦးဆောင်သည့် BGF တပ်နယ် ၄ လက်အောက်ခံတပ်များ ပူးပေါင်းပါဝင်နေကြောင်း စုံစမ်းသိရှိရသည်။

မြဝတီတောင်ပိုင်းဒေသနှင့် နယ်စပ်ရှိ စစ်ကော်မရှင်တပ်စခန်းများကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts