Homeသတင်းရေးချောင်းဖျားဒေသတွင် လေကြောင်းရန်ဆက်ရှိနေ၍ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်

ရေးချောင်းဖျားဒေသတွင် လေကြောင်းရန်ဆက်ရှိနေ၍ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်

-

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသတွင် စစ်ကော်မရှင် လေကြောင်းရန်နှင့် ကင်းထောက်ပျံသန်းမှုများ နေ့ရောညပါ ဆက်ရှိနေခြင်းကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံစစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

မေလကုန်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေးချောင်းဖျားဒေသရှိ ကျေးရွာအချို့ကို စစ်ကော်မရှင်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဝေဟင်မှ ကင်းထောက်ပျံသန်းမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ကျေးရွာ ၅ ရွာထက်မနည်းမှ စစ်ဘေးရှောင်များသည် နေ့ခင်းပိုင်းတွင် ရွာအတွင်း ခဏတာ ပြန်လည်ဝင်ရောက်ကာ နေအိမ်များနှင့် လုပ်ငန်းခွင်များ ပြန်လည်စောင့်ကြည့်ကြပြီး ညပိုင်းတွင် ဘေးလွတ်ရာနေရာသို့ ပြန်လည်တိမ်းရှောင် နေရသည်။

“  လေယာဉ်က နေ့တိုင်းလာနေတာ။ နေ့ဘက်လာလိုက်၊ ညဘက်လာလိုက် အနည်းဆုံး တစ်နေ့တစ်ခေါက်လာနေတာ အဲ့ကြောင့် ဗုံးထပ်ကြဲခံရမှာကို စိုးရိမ်နေကြတုန်းပဲ။ အချို့တွေက နေ့လည်ဘက် ရွာခနပြန်သွားကြတယ် ညဘက်ဆို ရွာမှာ မနေကြဘူး ရွာမှာအိပ်တဲ့သူကလည်းရှိတယ်။ ဒါပေမဲ့ နည်းတယ်၊ သုံးပုံ တစ်ပုံလောက်တော့ရှိမယ်” ဟု ရေးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မေလအတွင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ချောင်းနှစ်ခွကျေးရွာရှိ ဂျပန်နိပွန်ဖောင်ဒေးရှင်း ဆောက်လုပ်လှူဒါန်းထားသည့် နေအိမ်များ ဗုံးထိမှန်ကာ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ ဒေသခံများ၏ ဥယျာဉ်ခြံမြေ အချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

စစ်ဘေးရှောင်များသည် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ရာ‌ ရေးချောင်းဖျားဒေသအတွင်းရှိ ကျေးရွာများ၊ ဘုန်းကြီးကျောင်း၊ တောတောင်ဥယျာဉ်ခြံများနှင့် ဘေးလွတ်ရာ ဆွေမျိုးအိမ်များတွင် ခိုလှုံနေကြရပြီး နေထိုင်စားသောက်ရေးအတွက် များစွာရုန်းကန်နေကြရသည်။

“ ဒေသခံတွေ ကြောက်နေရတာ လေကြောင်းတစ်ခုတည်မဟုတ်ဘူး စစ်တပ်စစ်ကြောင်းက မွန်ပြည်သစ်ထိန်းချုပ်နယ်မြေမှာ ဝင်လာတဲ့ ကိစ္စလဲပါတယ်။ လူကြီးတွေ အဆင်ပြေအောင် လုပ်ပေးမှာပဲဆိုတဲ့စိတ်နဲ့ ဖြေသိမ့်နေနေရတယ်  ” ဟု ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများအနေဖြင့် စစ်တပ် စစ်ကြောင်းအဖွဲ့များ ထိန်းချုပ်နယ်မြေအတွင်း ထပ်မံ ဝင်ရောက်ခွင့်ပြုမည်ကို စိုးရိမ်ကြကြောင်းလည်း ဆိုသည်။

ဇွန်လကုန်ပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်းသည် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတို့မှတစ်ဆင့် ဘုရားသုံးဆူမြို့သို့ ဝင်ရောက်နိုင်ရန် NMSP ထိန်းချုပ်နယ်မြေအတွင်းရှိ လမ်းပိုင်းအချို့ကို အသုံးပြုခွင့်ပေးရန် တောင်းဆိုထားသည်။

ထို့ကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သော်လည်း စစ်ကော်မရှင်က အချိန်မရွေး လေကြောင်းမှ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေသည့်အပြင် စစ်ကြောင်းများဝင်ရောက်လာနိုင်သည့်အတွက် နေထိုင်သွားလာရေး လုံခြုံမှု မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

ပုံ-IMNA

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts