Homeသတင်းသံဖြူဇရပ်-အနန်းကွင်းလမ်းတွင် စစ်တပ်က ကင်းပုန်းဝပ် လှုပ်ရှားနေပြီး ဒေသခံများကို ပစ်ခတ်မှုများရှိနေ

သံဖြူဇရပ်-အနန်းကွင်းလမ်းတွင် စစ်တပ်က ကင်းပုန်းဝပ် လှုပ်ရှားနေပြီး ဒေသခံများကို ပစ်ခတ်မှုများရှိနေ

-

မွန်နှင့်ကရင်ပြည်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-အနန်းကွင်းလမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်အဖွဲ့မှ ကင်းပုန်းဝတ်ပုံစံဖြင့် လှုပ်ရှားသွားလာနေပြီး ယခုရက်ပိုင်းအတွင်း ဒေသခံများကို ပစ်ခတ်ရှင်းလင်းမှု လုပ်ဆောင်နေကြောင်း သိရသည်။

ကင်းပုန်းဝပ်လှုပ်ရှားနေသည့် စစ်တပ်အဖွဲ့သည် သံဖြူဇရပ်-အနန်းကွင်းလမ်းပိုင်းကို ညနေ ၆ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားကြောင်းသိရသည်။

ဇွန်လ ၃၀ ရက်နေ့၊ ညပိုင်းတွင် ဥယျာဉ်ခြံမှပြန်လာသည့် အသက် ၃၀ အရွယ် ထီးခလဲရွာသား ကရင်လူငယ် အမျိုးသားတစ်ဦးကို ကင်းပုန်းဝတ်နေသည့် စစ်အုပ်စုအဖွဲ့က တစ်စုံတစ်ရာ မေးမြန်းခြင်းမရှိဘဲ ပစ်ခတ်ရှင်းလင်းမှုကြောင့် သေဆုံးခဲ့ရကြောင်း လမ်းပိုင်းနေ ဒေသခံတစ်ဦးက ပြောသည်။

“အဲနေ့က တညင်နဲ့ ရက်ဖောကြား ထီးခလဲရွာသား ပစ်သတ်ခံလိုက်ရတယ်။ ဒီဘက်မှာတော့ ညနေ ၆ နာရီ ကျော်တာနဲ့ သွားလာလို့ မရဘူးလေ။ အဲကြောင့် သူက ခြံကနေ ပြန်လာတာက ည ၈ နာရီနောက်ပိုင်း ဖြစ်မယ်။ ဟိုကတွေ့လို့ ပစ်လိုက်တာ။ ” ဟု ပြောသည်။

သံဖြူဇရပ်-အနန်းကွင်းလမ်းပိုင်းတစ်လျှောက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားခြင်း မရှိသော်လည်း ကင်းပုန်းဝတ်တပ်သားအဖွဲ့များက ဒေသခံများကို ရှောင်တခင်စစ်ဆေးခြင်း၊ ညနေအချိန်တွင် အနီးတစ်ဝိုက်ကျေးရွာများကို ကင်းလှည့်သွားလာခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နှစ်တွင်လည်း အဆိုပါလမ်းပိုင်းရှိ စစ်ကော်မရှင်တပ်သားများထံ ဒေသခံနှစ်ဦးကို ပစ်ခတ်ရှင်းလင်းခံခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

သံဖြူဇရပ်-အနန်းကွင်းလမ်းပိုင်းတွင် စခန်းကြီး၊ ဇီးနှစ်ပင်၊ လွတ်ရှမ်း၊ တညင်၊ ရက်ဖော၊ ဖာယာ၊ ဝင်းခန၊ ပုတော၊ အနန်းကွင်းအပြင် ကျေးရွာငယ်များ ရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်များလည်း စစ်ရေးလှုပ်ရှားမှု ရှိနေသည်။

ထိုကြောင့် စစ်အုပ်စုက သံဖြူဇရပ်မြို့နယ်မှ အနန်းကွင်းဗျုဟာကုန်စစ်စခန်းသို့ အင်အားဖြည့်တင်းရန် အခက်အခဲဖြစ်နေသလို အနန်းကွင်းဗျုဟာကုန်သို့ လူအပြောင်းအလဲလုပ်ရန် ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းများကလည်း မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရကြောင်း သိရသည်။

လမ်းပိုင်းအား အပြည့်အဝ ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက ကြိုးပမ်းနေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်များစွာ ရှိနိုင်သည်ဟု ယူဆရသည့် ကျေးရွာများကို အနန်းကွင်းဗျုဟာစခန်းမှ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ရှင်းလင်းနေမှုများလည်း ရှိသည်။

“စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ဖြတ်သန်းသွားလာသူများကို ပစ်ခတ်ရှင်းလင်းနေခြင်း” သည် နိုင်ငံတကာ စစ်ရာဇဝတ် ဥပဒေအရ ခွဲခြားမှုမရှိဘဲ ရမ်းသန်းပစ်ခတ်မှုဖြစ်ပြီး အရပ်သားများအပေါ် ရာဇဝတ်မှုကျူးလွန်မှု မြောက်သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts