Homeသတင်းလောင်းကစားဝိုင်းပိတ်သိမ်းရန် အဆိုအောင်မြင်သော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိသဖြင့် လည်ပတ်နေဆဲ

လောင်းကစားဝိုင်းပိတ်သိမ်းရန် အဆိုအောင်မြင်သော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိသဖြင့် လည်ပတ်နေဆဲ

-

မွန်ပြည်နယ်၊ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ ပိတ်သိမ်းရန် လွှတ်တော်အဆို အောင်မြင်သော်လည်း နယ်မြေအေးချမ်းခြင်းမရှိသေးသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးအရေးယူခြင်းမရှိဘဲ လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မော်လမြိုင်မြို့၊ ပေါင်မြို့နယ်၊ ချောင်းဆုံ၊ မုဒုံ၊ ကျိုက်မရောမြို့နယ်တို့တွင် ဇာတ်ပွဲမပါဘဲ အာဝါးဒေးနှင့် လောင်းကစားဝိုင်းများ ကျင်းပနေဆဲဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးထံမှသိရသည်။

“ နယ်မြေမအေးချမ်းသေးလို့ပါဆိုပြီး စကားကိုလိမ္မာသုံးဖြေသွားတာ တကယ်ပိတ်သိမ်းဖို့ မဖြစ်နိုင်ဘူး၊ မအေးချမ်းသေးလို မရှင်းနိုင်သေးလို့ပဲ အကြောင်းပြနေမယ်။ လူတွေ သိပ်သတိမထားမိဖို့ ဇာတ်ပွဲတွေကိုနားလိုက်တယ် ကစားဝိုင်းသီးသန့်ဖြစ်နေတယ်။" ဟု ၎င်းကပြောသည်။

သို့သော် လောင်းကစားဝိုင်းဖွင့်လှစ်ထားသည့် နေရာအများစုသည် စစ်တပ်ထိန်းချုပ်နယ်မြေများသား ဖြစ်သဖြင့် လုံခြုံရေးကိစ္စသည် အကြောင်းပြချက်တစ်ခုသာဖြစ်သည်ဟု သူက ဆိုသည်။

တရားဝင်ခွင့်ပြုချက်ရထားသကဲ့သို့ ရက်ရှည်လများ ဆောင်ရွက်နေသည့် မွန်ပြည်နယ် လောင်းကစားဝိုင်းများကို တားဆီးပိတ်ပင်ရန် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ကအဆိုတင်သွင်းခဲ့သည်။

အဆိုတင်သွင်းခြင်းကို ဇွန်လ ၁၉ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်မှ ဆွေးနွေးအတည်ပြုခဲ့ပြီး ၎င်းက “အဆိုနဲ့ပတ်သက်ပြီး တားဆီးပိတ်ပင်ရေးဆောင်ရွက်လျက်ရှိပြီး ၁၀ မြို့နယ်စလုံး အဆိုရှိနေတဲ့အတွက် မြို့နယ်အားလုံး လုံခြုံရေးအခြေအနေအားကောင်းလာပါက ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောဆိုထားသည်။

စစ်တပ်နှင့်လက်နက်ကိုင်အဖွဲ့ကြားမှ အခွန်အကောက်မျှဝေပြီး ဒေသတို့တွင် လုံခြုံရေးနှင့်အကာအကွယ်နှင့်တစကကွ တွင်ကျယ်ဖွင့်လှစ်ထားသဖြင့် ဖမ်းဆီးအရေးယူရန် မလွယ်ကူဟု ကျိုက်မရောဒေသခံတစ်ဦးကပြောသည်။

“မိုးတွင်းဖြစ်နေလို့ ပွဲတော့နားတယ်၊ လာကစားတဲ့သူနည်းတာက အဆိုကြောင့်မဖြစ်နိုင်ဘူး။ ကရင်စစ်သား တွေကတော့ လောင်းကစားဝိုင်းနေရာမှာ စောင့်ဆိုင်းနေတယ်။ သူတိုပိုင်တဲ့ မြေဖြစ်သွားရင် ဘယ်အစိုးရတက်တက် အကျိုးခံစားခွင့်ကို မျှဝေထားပြီးသားဆို ဒီလောင်းကစားဝိုင်းကိစ္စ ဆက်ရှိသွားမယ်။ ရပ်ဖို့အနေအထားမမြင်ရဘူး။ ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကျိုက်မရောမြို့နယ်ရှိ ကော့ဒုန်၊ ကော့ပနော့ကျေးရွာ၊ ချောင်းနှစ်ခွဘက်တို့တွင်နေ့စဉ် လောင်းကစားဝိုင်းများ နေစဉ်စည်ကားနေဆဲဖြစ်သည်။

လွှတ်တော်အစိုးရ၏ ကတိကဝတ်၊ အာမခံချက်နှင့် ပတ်သက်၍ စိစစ်ရေးကော်မတီရှိနေသည့်အတွက် အစိုးရအဖွဲ့ထံ ခွင့်ပြုချက် ရရှိထားသည်များကိုအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရှိမရှိနှင့် လွှတ်တော်သို့ တရားဝင်လာရောက် ရှင်းလင်းဖြေကြားရန် တောင်းဆိုပိုင်ခွင့်ရှိနေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts