ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသရှိ ကရင်အမျိုးသားအစည်းအရုံး KNU အကျဉ်းထောင်က အကျဉ်းသား ၆ ဦး လက်နက်လုယူပြီး ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်က အကျဉ်းသား ၆ ဦးသည် ထောင်အစောင့်ထံမှ လက်နက်လုပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ထိုသို့ ထွက်ပြေးစဉ် အကျဉ်းသား ၆ ဦးက လမ်းတွင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တပ်သားများ စီးနင်းလာသည့်ကားကို ပစ်ခတ် တားဆီးပြီး ကားနှင့် လက်နက်အချို့ကိုလည်း ထပ်မံ လုယူထွက်သွားကြောင်း ဆိုသည်။
၎င်းပြင် ထွက်ပြေးသည့် လမ်းတလျှောက်ရှိ KNU ဂိတ်နှင့် သွားလာနေသည့် ကားတို့ကိုလည်း ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
“အကျဉ်းသား ၆ ဦးက အစောင့်တွေရဲ့ သေနတ်ကို လုပြီးတော့ ထွက်ပြေးတယ်။ ထွက်ပြေးတော့ လမ်းမှာလည်း DKBA ကားကို တားပြီးတော့ ကားရော သေနတ်ရော ထပ်ယူပြီး ထွက်ပြေးသွားတယ်။ လမ်းတလျှောက်မှာလည်း သေနတ်ပစ်ဖောက်ပြီး ပြေးသွားတယ်။ သေနတ်လည်း ပါနေတော့ စိုးရိမ်စရာတော့ ရှိတယ်” ဟု KNU နှင့် နီးစပ်သည့် ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။
လက်နက်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်သား ၆ ဦးသည် ယနေ့ ဇူလိုင်လ ၂ ရက်နေ့အထိ ပြန်လည် ဖမ်းဆီးရမိခြင်းမရှိသေးပေ။
ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများသည် လူသတ်မှုဖြင့် အကျဉ်းကျနေသူပါဝင်ပြီး အများစုသည် မူးယစ်ဆေးဝါမှုဖြင့် အကျဉ်းကျ ခံနေရသူများဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း ဘုရားသုံးဆူဒေသ KNU အကျဉ်းထောင်က အကျဉ်းသား ၆ ဦး ထွက်ပြေး လွတ်မြောက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။



