နာဲအာကာ ရေးသားသည်။
(၂၀၂၅) ခုနှစ် ဇွန်လနှောင်းပိုင်းမှစတင်၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တဝိုက်တွင် စစ်ရေးလှုပ်ရှားမှုများ ပြန်လည်မြင်တွေ့လာရသည်။ အထူးသဖြင့် ဘုရားသုံးဆူဒေသနှင့် ဆက်စပ်၍ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်းနှင့် ဘုရားသုံးဆူ-ရေးလမ်းပိုင်းတို့တွင် အာဏာသိမ်း စစ်အစိုးရ၏ စစ်ရေးလှုပ်ရှားမှုများ ဖြစ်ကြသည်။ စစ်အစိုးရသည် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်လာသသည်။ ယင်းအခြေအနေများကြောင့် “အာဏာသိမ်း စစ်အစိုးရသည် ဘုရားသုံးဆူကို အဘယ်ကြောင့် ပြန်လည်ထိန်းချုပ်လိုနေသနည်း” ဟူသော မေးခွန်းသည် ဒေသခံများသာမက မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်နေသူများအကြား စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
ဘုရားသုံးဆူသည် ထိုင်း–မြန်မာနယ်စပ်မြို့ တစ်မြို့ဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တို့ကို ဆက်သွယ်ပေးသည့် အရေးပါသော နယ်စပ်ဖြတ်သန်းရာ လမ်းကြောင်းတစ်ခုဖြစ်ပြီး ကုန်စည်နှင့် ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းရာ ဗဟိုချက်တစ်ခုလည်း ဖြစ်သည်။ ဘုရားသုံးဆူသည် ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် စစ်ရေးအရ အစိုးရအဆက်ဆက် အရေးထားခဲ့ရသည့် နယ်မြေတစ်ခုဖြစ်ခဲ့သည်။ (၂၀၂၁) ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နယ်စပ်ဒေသအများအပြား၌ စစ်အစိုးရ၏ ထိန်းချုပ်နိုင်စွမ်း လျော့ကျလာခဲ့ရာ ထိုအထဲတွင် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ဘုရားသုံးဆူလည်း ပါဝင်ခဲ့သည်။

စစ်အစိုးရ ဘာကြောင့် ဘုရားသုံးဆူကို ပြန်လိုချင်သနည်း
ပထမဦးစွာ ဘုရားသုံးဆူသည် ထိုင်း–မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ဝင်ပေါက်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းမှ စားသောက်ကုန်၊ လူသုံးကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များသာမက ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးများနှင့် အခြားလူသုံးကုန်များသည်လည်း ယင်းနယ်စပ်လမ်းကြောင်းကို ဖြတ်၍ ရောင်းဝယ်ဖောက်ကားနေကြသည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်နိုင်ခြင်းသည် အခွန်ကောက်ခံနိုင်ခြင်း၊ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်နိုင်ခြင်းနှင့် ဒေသတွင်းစီးပွားရေးအပေါ် သြဇာလွှမ်းမိုးနိုင်ခြင်းတို့ကိုပါ ဆိုလိုသည်။
ဒုတိယအချက်မှာ စစ်ရေးအရ အရေးပါမှု ဖြစ်သည်။ ဘုရားသုံးဆူသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ထိုင်းနယ်စပ်တို့ကို ဆက်သွယ်ထားသည့် လမ်းဆုံဒေသတစ်ခုဖြစ်သဖြင့် မည်သည့်လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည်ဖြစ်စေ အနီးပတ်ဝန်းကျင်ဒေသများ၏ လုံခြုံရေးနှင့် စစ်ဆင်ရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။ စစ်အစိုးရအတွက် ယင်းဒေသကို ပြန်လည်ထိန်းချုပ်နိုင်ပါက ကြာအင်းဆိပ်ကြီး၊ သံဖြူဇရပ်နှင့် ကော့ကရိတ်ဘက်သို့ စစ်အင်အားနှင့် ရိက္ခာများ ရွှေ့ပြောင်းရာတွင် ပိုမိုလွယ်ကူလာနိုင်သလို နယ်စပ်ဖြတ်ကျော်သည့် လမ်းကြောင်းများကိုလည်း ပိုမိုစောင့်ကြည့်နိုင်မည် ဖြစ်သည်။
တတိယအချက်မှာ နိုင်ငံရေးအရ အရေးပါမှု ဖြစ်သည်။ (၂၀၂၁) ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အစိုးရသည် နယ်မြေထိန်းချုပ်မှု အများအပြား ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် အရေးပါသည့် နယ်စပ်မြို့တစ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းသည် စစ်ရေးအောင်မြင်မှုတစ်ခုသာမက “နိုင်ငံတော်၏ နယ်မြေကို ပြန်လည်စိုးမိုးနိုင်သည်” ဆိုသည့် နိုင်ငံရေးသတင်းစကားကိုလည်း ပြသနိုင်မည့် ပုံရိပ်ကောင်းတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် ဘုရားသုံးဆူသည် စစ်အစိုးရအတွက် နယ်မြေတစ်ခုထက် ပို၍ နိုင်ငံရေးရန်မှန်းချက်အရ အရေးကြီးသည့် ဒေသတစ်ခုလည်း ဖြစ်နေသည်။
ဘုရားသုံးဆူကို ပြန်လည်ရရှိပါက မည်သူက အကျိုးအမြတ်ရမည်နည်း
ဘုရားသုံးဆူကို အာဏာသိမ်း စစ်အစိုးရက ပြန်လည်ထိန်းချုပ်နိုင်မည်ဆိုပါက အကျိုးသက်ရောက်မှုသည် စစ်ရေးကဏ္ဍတစ်ခုတည်းတွင်သာ ရပ်တန့်နေမည် မဟုတ်ပေ။ ယင်း၏ ရိုက်ခတ်မှုသည် ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နှင့် ထိုင်း–မြန်မာနယ်စပ်တလျှောက်ရှိ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ဟန်ချက်ကိုပါ ပြောင်းလဲစေနိုင်သည့် အချက်တစ်ခု ဖြစ်သည့်အပြင် တော်လှန်ရေး၏ အင်အားချိန်ခွင်လျှာအထိ ကျယ်ပြန့်စွာ သက်ရောက်လာနိုင်သည်။
စစ်အစိုးရ၏ ရှုထောင့်မှကြည့်လျှင် ဘုရားသုံးဆူကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းသည် နယ်မြေတစ်ခု ပြန်လည်ရရှိခြင်းထက် ပိုမိုသော အဓိပ္ပာယ်ကို ဆောင်သည်။ ထို့အပြင် နယ်စပ်မြို့တစ်မြို့ကို ပြန်လည်စိုးမိုးနိုင်ခြင်းသည် အာဏာသိမ်းပြီးနောက် ဆုံးရှုံးခဲ့ရသော နယ်မြေထိန်းချုပ်နိုင်စွမ်းကို ပြန်လည်ပြသလိုသည့် နိုင်ငံရေးရည်ရွယ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။
သို့သော် ထိုရည်မှန်းချက်သည် တော်လှန်ရေးအင်အားစုများ၏ မဟာဗျူဟာနှင့် တိုက်ရိုက်အချိုးကျနေသည်။ တော်လှန်ရေးအင်အားစုများအတွက် ဘုရားသုံးဆူသည် နယ်မြေတစ်ခုမျှသာ မဟုတ်ဘဲ ပူးပေါင်းလှုပ်ရှားမှုများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒေသတွင်း မဟာဗျူဟာကို ချိတ်ဆက်ပေးသည့် အချက်အချာနေရာတစ်ခု ဖြစ်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အတွက် ဘုရားသုံးဆူသည် ဒူးပလာယာခရိုင်နှင့် ထိုင်းနယ်စပ်အကြား ဆက်သွယ်မှုကို ထိန်းသိမ်းထားနိုင်သည့် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်သည်။ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အတွက်လည်း သမိုင်းတလျှောက် လှုပ်ရှားခဲ့သည့် နယ်မြေများအနက် တစ်ခုဖြစ်သည့်အတွက် ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့် ဆက်စပ်လျက်ရှိသည်။
မွန်လက်နက်ကိုင်အဖွဲ့အစည်းများအတွက်လည်း ဘုရားသုံးဆူ၏ အရေးပါမှုသည် စစ်ရေးအတိုင်းအတာထက် ကျော်လွန်နေသည်။ မွန်ပြည်သစ်ပါတီ (NMSP) နှင့် အခြားမွန်တော်လှန်ရေးအင်အားစုများအတွက် ယင်းဒေသသည် တော်လှန်ရေးသမိုင်းကြောင်းအပြင် မွန်ပြည်နယ်နှင့် ထိုင်းနိုင်ငံအကြား လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆက်သွယ်မှုများ၏ အရေးပါသော တံခါးပေါက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသုံးဆူ၏ အနာဂတ်သည် မွန်တော်လှန်ရေး၏ စစ်ရေးလှုပ်ရှားမှုတင်မကဘဲ နယ်စပ်တလျှောက် နေထိုင်ကြသည့် မွန်လူထု၏ အသက်မွေးဝမ်းကျောင်းနှင့်လည်း ဆက်စပ်လျက်ရှိသည်။
အကြီးမားဆုံး အကျိုးဆက်ကို ရင်ဆိုင်ရမည့် ဒေသခံများ
စစ်ရေးလှုပ်ရှားမှုများ ပြန်လည်ပြင်းထန်လာသည့်အခါတိုင်း မည်သည့်အဖွဲ့က နယ်မြေကို ထိန်းချုပ်သည်ဖြစ်စေ စစ်ရေးပဋိပက္ခ ဖြစ်လာသည့်အခါတိုင်း ထိခိုက်မှုအကျိုးဆက်ကို အဓိကခံစားရသူများမှာ ဒေသခံအရပ်သားများသာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသုံးဆူကို မည်သူက ထိန်းချုပ်မည်ဆိုသည်ထက် စစ်ပွဲများ ထပ်မံကျယ်ပြန့်လာမည်ကို ဒေသခံများက ပိုမိုစိုးရိမ်နေကြခြင်း ဖြစ်သည်။ စစ်ရေးအနိဌာရုံဖြစ်သော သေကြေဒဏ်ရာရမှု၊ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာရမှုနှင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုများကို ဒေသခံများသာ ထပ်မံရင်ဆိုင်လာရနိုင်သည်။
ထို့အပြင် အာဏာသိမ်း စစ်အစိုးရသည် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေသည့် ကာလနှင့်လည်း တိုက်ဆိုင်နေသောကြောင့် နယ်မြေထိန်းချုပ်မှု ပြန်လည်တိုးချဲ့လာပါက ဘုရားသုံးဆူဒေသရှိ လူငယ်များအပေါ် စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ လုံခြုံရေးစစ်ဆေးမှုများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဖိအားများ ပိုမိုများပြားလာနိုင်သည်။
ဘုရားသုံးဆူသည် မြို့တစ်မြို့ထက် ပိုသော အဓိပ္ပာယ်
လက်ရှိအခြေအနေအရ အာဏာသိမ်း စစ်အစိုးရသည် ဘုရားသုံးဆူကို ပြန်လည်ထိန်းချုပ်ရန် ဆန္ဒရှိနေကြောင်း တွေ့မြင်ရသော်လည်း ယင်းရည်မှန်းချက်ကို မည်သည့်နည်းလမ်းဖြင့် အကောင်အထည်ဖော်မည်ဆိုသည်ကသာ ပို၍ စိတ်ဝင်စားဖွယ်ဖြစ်သည်။ စစ်ရေးနည်းဖြင့် ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းပါက KNLA၊ DKBA၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် မွန်တော်လှန်ရေးအင်အားစုများ၏ ရှုပ်ထွေးသည့် အနေအထားများကြောင့် ကြီးမားသည့် စစ်ရေးစိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်သည်။ တစ်ဖက်တွင်လည်း နယ်စပ်ဒေသ၏ နိုင်ငံရေးနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဆက်ဆံရေးသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည့် သဘောရှိသောကြောင့် စစ်ရေး မဟုတ်သည့် အခြားနည်းလမ်းများဖြင့် ပြောင်းလဲလာနိုင်ဖွယ်ရှိသော အခြေအနေကိုလည်း လျစ်လျူရှု၍ မရနိုင်ပေ။
မည်သည့်အင်အားစုက အသာစီးရသည်ဖြစ်စေ ယင်းသည် ထိုင်း–မြန်မာနယ်စပ်၏ လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် မွန်အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ မဟာဗျူဟာတို့ ဆုံစည်းနေသည့် နေရာတစ်ခု၏ အနာဂတ်ကို မေးခွန်းထုတ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသုံးဆူ၏ အနာဂတ်သည် မြို့တစ်မြို့၏ အနာဂတ်မျှ မဟုတ်ဘဲ မြန်မာနိုင်ငံ၏ နယ်စပ်နိုင်ငံရေး အနာဂတ်ကိုပါ ထင်ဟပ်နေသည့် မှန်တစ်ချပ်ဟု ဆိုနိုင်သည်။



