မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကော်မရှင်တပ်ရင်းများမှ စစ်ကြောင်းများသည် ဘုရားသုံးဆူမြို့သို့ ဝင်ရောက်နိုင်ရန် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ဇွန်လကုန်ပိုင်းမှစ၍ ရေးမြို့နယ်အခြေစိုက်တပ်ရင်းများမှ တပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်ကို ကျောင်းရွာတွင် စုစည်းထားပြီး မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတို့မှတစ်ဆင့် ဘုရားသုံးဆူမြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
စစ်ကြောင်းများခွဲ၍ NMSP ထိန်းချုပ်နယ်မြေဘက်ရှိ ဝယ်ပေါင်- ဓမ္မပါလ- ခလောက်ခနီ- ဘုရားသုံးဆူလမ်းကြောင်းနှင့် KNU ထိန်းချုပ်နယ်မြေဘက်ရှိ စောထ-ကျောက်တိုင်-ဘုရားသုံးဆူ တောလမ်းကြောင်းတို့မှတစ်ဆင့် ဝင်ရောက်ရန်ရှိသည်ဟု သိရသည်။

“အဓိကရည်ရွယ်ချက်ကတော့ ဘုရားသုံးဆူကို ဝင်ရောက်နိုင်ဖို့ပါ။ အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကိုလည်း တစ်ပါတည်း ရှင်းလင်းဖို့ ရည်ရွယ်ထားတဲ့သဘောပါ။ အင်အားကတော့ ၁၅၀ ကျော်ရှိတယ်။ ဒါပေမဲ့ ဝယ်ပေါင်ဘက်၊ ကမ်းနီးဘက် စသဖြင့် တစ်စုကို ၈ ယောက်လောက်စီ ခွဲထားတာကြောင့် နေရာအတော်များများမှာ စစ်ကြောင်းတွေ ရှိနေတယ်။ ဘယ်နေရာကိုရောက်နေရောက်နေသူတို့ရဲ့ အဆုံးသတ်ဦးတည်ချက်ကတော့ ဘုရားသုံးဆူပဲ” ဟု တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
NMSP ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းများသည် လမ်းပိုင်းအသုံးပြုခွင့်ပေးရန် တောင်းဆိုထားကြောင်း၊ NMSP ထံ ခွင့်ပြုချက်မရပါက တောလမ်းများကိုအသုံးပြု၍ ဘုရားသုံးဆူမြို့သို့ ဝင်ရောက်လာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် NMSP ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာအချို့တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဝင်ရောက်တည်းခိုနေထိုင်နေပြီး ဥယျာဉ်ခြံသို့ သွားလာသူများကို လမ်းပြပေးရန် အကူအညီတောင်းခံမှုများ ရှိနေသဖြင့် ဒေသခံများအကြား စိုးရိမ်ထိန့်လန့်မှု မြင့်တက်နေကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။
“အခုဆို ရွာတော်တော်များများမှာ သူတို့ရှိနေတယ်။ တချို့ရွာတွေမှာတော့ တစ်ညနားပြီး နောက်ရက် အခြားရွာကို ဆက်သွားတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျောက်မိကျောင်းရွာနဲ့ ဝယ်ဇင်ရွာက ဒေသခံတွေကို လမ်းပြပေးဖို့ အကူအညီတောင်းခဲ့တယ်။ အဲဒါကြောင့် လူတွေက ဥယျာဉ်ခြံတောင် မသွားရဲကြတော့ဘူး။” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့ကို ပြန်လည်လွှဲပြောင်းပေးရန် စစ်ကော်မရှင်က တောင်းဆိုထားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ချောင်းနှစ်ခွ–ကြာအင်းဆိပ်ကြီး–ဘုရားသုံးဆူလမ်းပိုင်းနှင့် ရေး–ဘုရားသုံးဆူလမ်းပိုင်းတို့တွင် စစ်အင်အားများ ဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုများ စတင်ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း နယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒေသအုပ်ချုပ်ရေးယန္တရားကို ကရင်အမျိုးသားအစည်းအရုံး (KNU) က စိုးမိုးထားကာ မြို့ပေါ်အုပ်ချုပ်ရေးကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ယနေ့ချိန်အထိ ထိန်းချုပ်ထားကြောင်း သိရသည်။



