Homeသတင်းကြာအင်းဆိပ်ကြီးဒေသ စစ်ရေးလှုပ်ရှားမှုများက ဘာကိုညွှန်ပြနေသလဲ?

ကြာအင်းဆိပ်ကြီးဒေသ စစ်ရေးလှုပ်ရှားမှုများက ဘာကိုညွှန်ပြနေသလဲ?

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် မြင့်တက်လာနေပြီး ဒေသတွင်း စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာနိုင်သည့် စိုးရိမ် မှုများ ထွက်ပေါ်နေသည်။

မော်လမြိုင်၊ မုဒုံ၊ ရေးမြို့နယ်ဘက်မှ စစ်အင်အားများ ဆက်တိုက်ဝင်ရောက်လာနေပြီး ကြာအင်းဆိပ်ကြီး မြို့ပေါ်နှင့် အဓိကလမ်းကြောင်းများတစ်လျှောက်တွင်လည်း စစ်ကော်မရှင်တပ်သားများကို ယခင်က ထက် ပိုမိုတွေ့မြင်လာရသည်။

“နေ့တိုင်းလိုလို စစ်ကြောင်းထိုးနေတာတွေ တွေ့နေရတယ်။ ချောင်းနှစ်ခွကျေးရွာမှာလည်း စစ်သားတွေ အများကြီးပဲ။ အဲ့ဒီလမ်းတစ်လျှောက်မှာ စစ်သားတွေ တော်တော်တွေ့ရတယ်။ ကြာအင်းဆိပ်ကြီး ဒီဘက်ခြမ်းတော့ သိပ်မတွေ့ရဘူး” ဟု ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ချောင်းနှစ်ခွဒေသတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားခြင်းကြောင့် စစ်ကော်မရှင်တပ်တို့က အင်အားအများအပြားဖြင့် လုံခြုံရေးချထားကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါအခြေအနေများသည် ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လာနိုင်သည်ဟု ဒေသခံတို့က သုံးသပ်ကြသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ကြာအင်းဆိပ်ကြီးမြိုန့ယ်၊ ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

“အခု စစ်ရေးအရှိန်မြှင့်တင်လာတာက သူတို့လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်ယူချင်တဲ့ သဘောလို့ မြင်တယ်။ ဘုရားသုံးဆူတစ်ခုတည်း မဟုတ်ဘဲ အခြားနယ်စပ်ဒေသတွေကိုပါ ပြန်ထိန်းချုပ်ချင်တဲ့ သဘောရှိတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ကြာအင်းဆိပ်ကြီးဒေသဘက်တွင် စစ်အင်အားနှင့် လက်နက်ခဲယမ်းများ တဖြည်းဖြည်း ဖြည့်တင်းနေခြင်းသည် ဘုရားသုံးဆူဒေသကို ဦးတည်သည့် စစ်ရေးပြင်ဆင်မှုများ ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

သို့သော် စစ်ကော်မရှင်တပ်သားများသည် ခြေလျင်စစ်ကြောင်းများဖြင့်သာ စစ်ကြောင်းထိုးလာသဖြင့် ဘုရားသုံးဆူဒေသသို့ ရောက်ရှိရန် မလွယ်ကူသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့စစ်ကြောင်းက ခြေလျင်နဲ့ပဲ ထိုးလာနေတာဆိုတော့ ဘုရားသုံးဆူရောက်ဖို့ မလွယ်သေးဘူး။ လမ်းတွေမှာလည်း KNU တို့၊ တော်လှန်ရေးတပ်တွေ ရှိနေတော့ တိုက်ပွဲဖြစ်ရင်လည်း အဲဒီလမ်းကြောင်း တွေမှာပဲ အရင်ဖြစ်မယ်။ အဲဒီလမ်းကြောင်းတွေကို ဖြတ်ပြီးမှ သုံးဆူကို ရောက်နိုင်မှာ” ဟု ၎င်းက ပြောသည်။

၎င်းအပြင် ဒေသခံများအနေဖြင့်လည်း လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်ခြေကို အထူးစိုးရိမ် နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

တစ်ဖက်တွင်လည်း စစ်ကော်မရှင်တပ်သည် ဘုရားသုံးဆူမြို့ကို ပြန်လည်ရရှိရေးအတွက် လက်ရှိ မြို့လုံခြုံရေးနှင့် အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ထံ ပြန်လည်ပေးအပ်ရန် တောင်းဆိုမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သို့သော် ဘုရားသုံးဆူဒေသ၏ အနာဂတ်သည် စစ်ကော်မရှင်တပ်၏ ဆန္ဒတစ်ခုတည်းအပေါ် မူတည် မနေဘဲ ဒေသတွင်း လက်ရှိအုပ်ချုပ်နေသည့် DKBA ၏ ဆုံးဖြတ်ချက်များ အပေါ်လည်း မူတည်နေ ကြောင်း ၎င်းက ဆိုသည်။

“DKBA က ပေးမလား၊ မပေးဘူးလားဆိုတာလည်း ရှိသေးတယ်။ DKBA ကလည်း KNU ပေါ်မှာ မူ တည်တယ်။ KNU က ပေးလို့ပြောရင် DKBA ကပေးမယ်၊ မပေးဘူးလို့ပြောရင် မပေးဘူး။ ကျွန်တော် စိတ်ထင်တော့ သူကတော့ ဘုရားသုံးဆူမြို့ကို လွယ်လွယ်နဲ့ပေးမှာ မဟုတ်ဘူး။ ပစ်ကြဦးမယ်။ ဒါမဲ့ မနိုင်တော့တဲ့အဆုံးမှာ ပေးရနိုင်ချေရှိတယ်”ဟု ပြောသည်။

ဘုရားသုံးဆူမြို့သည် စစ်ရေးအရသာမက စီးပွားရေးအရလည်း အရေးပါသည့် နယ်စပ်မြို့ တစ်မြို့ဖြစ်ပြီး မြဝတီနယ်စပ်လမ်းကြောင်းတွင် ပြဿနာများဖြစ်ပေါ်လာပါက အစားထိုးအသုံးပြုနိုင်သည့် လမ်း ကြောင်းတစ်ခုအဖြစ် ရပ်တည်နိုင်ခြင်းကြောင့် စစ်ကောင်စီအတွက် မဟာဗျူဟာအရ အရေးပါသည့် နေရာတစ်ခုဖြစ်သည်ဟု လေ့လာသူများက ထောက်ပြသည်။

“မြဝတီဘက်လမ်းက အကယ်လို့ KNU ဘက်က တင်းတင်းကြပ်ကြပ်လုပ်ရင် စစ်တပ်က သွားလာ ဖို့ မလွယ်ဘူး။ အဲ့လိုဆို သူ့တို့ရဲ့ စီးပွားရေးက ပြန်လည် ပြတ်တောက်သွားမယ်။ အခြေအနေတွေက မငြိမ် နေမှန်း သူတို့သိတော့၊ ဟိုဘက်လမ်း အသုံးပြုလို့မရရင် ဒီသုံးဆူလမ်း အသုံးပြုလို့ရအောင်ပေါ့”ဟု ၎င်းက ပြောသည်။

သို့သော် လက်ရှိ မိုးရာသီကာလအတွင်း ဒေသတွင်း သွားလာရေးအခက်အခဲများကြောင့် စစ်ဆင်ရေး ဖော်ဆောင်နိုင်ရန် မလွယ်ကူသေးကြောင်း သုံးသပ်သည်။

လက်ရှိ မြေပြင်အခြေအနေများအရ ကြာအင်းဆိပ်ကြီး–ဘုရားသုံးဆူဒေသသည် လာမည့်ကာလအတွင်း စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာမလားဆိုသည်ကို စောင့်ကြည့်ရဦးမည့် အခြေအနေ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts