မွန်ပြည်နယ်လွှတ်တော် လုံခြုံရေးတာဝန်ကျ ရဲတပ်သားတစ်ဦးကို ရေလုပ်သားအဖြစ် ရောင်းစားခဲ့သူများကို အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မော်လမြိုင်) က စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။
မွန်ပြည်နယ်လွှတ်တော် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင် ရဲတပ်သား ဇော်ဝင်းထွန်းဆိုသူသည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ နဂါးမောက်စေတီတော် ရင်ပြင်တော်ပေါ်တွင် တစ်ဦးတည်း ထိုင်နေစဉ် စစ်သားစုဆောင်းရေးတပ်ဖွဲ့ဝင်များအမည်မသိ အမျိုးသား ၃ ဦး ရောက်ရှိလာပြီး ၎င်းတို့နှင့် လိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့သည်။
ထိုသို့ ခေါ်ဆောင်စဉ် ရဲတပ်သား ဇော်ဝင်းထွန်းက ၎င်းသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် မလိုက်နိုင်ကြောင် ပြောရာမှ အမျိုးသားတစ်ဦးက “ဘာရဲလဲ၊ ငါဗိုလ်မှူးဘဲ” ဟု ဆိုကာ ရဲတပ်သားဇော်မင်းထွန်းအား နားရင်းနှစ်ချက် ရိုက်၍ အတင်းအဓမ္မချုပ်နှောင် ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ရဲတပ်သား ဇော်ဝင်းထွန်းကို ဆိုင်ကယ်ဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး ကျိုက္ခမီမြို့ရှိ ရေလုပ်သားပွဲစား မတင်ဇာလွင်ဆိုသူထံ ပို့ဆောင်ခဲ့သည်။
ရဲတပ်သားဇော်မင်းထွန်းက ဗိုလ်မှူးဆိုသူနှင့်အဖွဲ့က ပြောခိုင်းသည့်အတိုင်း ကြိုတင်ငွေ ၁၂ သိန်းကျပ် ထုတ်ပေးရန် တောင်းခံရာမှ မတင်ဇာလွင်က မူမမှန်ကြောင်း ရိပ်မိပြီး ရဲတပ်သားဇော်မင်းထွန်းအား ကျိုက္ခမီရဲစခန်းသို့ ညွန်ပြပေးခဲ့ရာမှ ရဲစခန်းသို့ သွားရောက်ခဲ့ပြီး ရဲတပ်သားဇော်မင်းထွန်းမှ ဖြစ်စဉ်အား ပြောပြခဲ့ရာမှ ဖြစ်စဉ်အမှန် ပေါ်ပေါက်ခဲ့သည်။
ကျိုက္ခမီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဆန်းကိုကိုဦး ဦးစီးသည့်အဖွဲ့မှ ရေလုပ်သားပွဲစား မတင်ဇာလွင် နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ဘူတာကြီးဝန်းနေ အသက် (၅၁) နှစ်အရွယ် တင်သန်း၊ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာအုပ်စု၊ ဇော်ကုန်းကျေးရွာနေအသက် (၄၆) နှစ်အရွယ် တင်မင်းထွဋ်နှင့် မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်၊ ဘူတာကြီးဝန်းနေ အသက် (၃၈) နှစ်အရွယ် ဖြိုးကိုကိုတို့ သုံးဦးအား စစ်ဆေးတွေ့ရှိခဲ့သည်။
ထိုသို့ စစ်ဆေးခဲ့ရာ တင်သန်းထံမှ ဦးတင်သန်း အမည်ပါ တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မော်လမြိုင်) ၏ တပ်သားသစ်စုဆောင်းရေးတာဝန် (အကူ) စိစစ်ရေးကဒ်ပြားနှင့် ဆိုင်ကယ်နှစ်စီး တွေ့ရှိခဲ့သည်။
တင်သန်း၊ တင်မင်းထွဋ်နှင့် ဖြိုးကိုကိုတို့ကို ကျိုက္ခမီ နယ်မြေရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မော်လမြိုင်) နှင့် ပူးပါင်းစစ်ဆေးလျက်ရှိသည်။



